NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒုတိယဝန်ကြီးတွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများ ဆွေးနွေး

NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒုတိယဝန်ကြီးတွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများ ဆွေးနွေး
စက်တင်ဘာ ၂၂ ရက်က NSPNC အတွင်းရေးမှူးနှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်
စက်တင်ဘာ ၂၂ ရက်က NSPNC အတွင်းရေးမှူးနှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်
Published 24 September 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC ) အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီးမင်းနောင်နှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ်ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေ အပေါ် ဖြေရှင်းနိုင်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နှစ်ဖက်သိရှိလိုသည်များကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အလားတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်တို့သည် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်း၌ပင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အစောပိုင်းခက်ခဲသည့်ကာလများတွင် ကမ္ဘောဒီးယားနိုင်ငံမှ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ Rapid Antigen Test Kit များအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ အာဆီယံ AHA Centre မှ တစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေး ပထမအဆင့်ကို ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်နိုင်ခဲ့သည့်အခြေအနေများ၊ ယခုအခါ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေး ဒုတိယအဆင့်အတွက် ပူးတွဲ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများ ကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတော်၏အချုပ်အခြာအာဏာကို မထိပါးသည့် လူသားချင်းစာနာမှု အကူအညီများကို လက်ခံမည့်အစီအစဉ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့်ကိစ္စရပ်များကို  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent