ပခုက္ကူခရိုင်အတွင်း နယ်မြေ မတည်ငြိမ်မှုကြောင့် မိုးနှောင်းသီးနှံ စိုက်ပျိုးနိင်ခြင်းမရှိခဲ့

ပခုက္ကူခရိုင်အတွင်း နယ်မြေ မတည်ငြိမ်မှုကြောင့် မိုးနှောင်းသီးနှံ စိုက်ပျိုးနိင်ခြင်းမရှိခဲ့
Published 19 September 2022

ပခုက္ကူခရိုင်အတွင်း နယ်မြေမမတည်ငြိမ်မှုကြောင့် တိမ်းရှောင်နေရသူများ ယခု စက်တင်ဘာလရောက်သည်ထိ နေရပ်မပြန်နိုင်သေးခြင်းကြောင့် မိုးနှောင်းသီးနှံစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း တောင်သူများထံမှ သိရသည်။

ပခုက္ကူခရိုင်အတွင်း ကျေးရွာများမှ ဒေသခံအချို့မှာ ပြီးခဲ့သည့်ဧပြီလဆန်းမှစ၍ တိမ်းရှောင်မှုပြုလုပ်နေရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးခြင်းကြောင့် တောင်သူလုပ်ငန်းအား မလုပ်ကိုင်နိုင်ခဲ့ကြောင်း သိရသည်။

' ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရွာကနေ ရှောင်နေရတာ။ ရွာက အိမ်လည်း ပျက်စီးတာတွေရှိတယ်လို့တော့ ပြောတယ်။ မကေ်မြင်မဟုတ်တော့ ဘယ်လောက်ပျက်တယ် ဆိုတာ မပြောတတ်ဘူး။ ကျွန်တော်တို့က pdf နဲ့ အဆက်အသွယ်ရှိဆိုပြီး အတိုင်ခံရကတည်းက ရှောင်ရတာ။ မိုးဦးပဲတီစိမ်းတုန်းက စိုက်လိုက်ရတယ် ။ မရိတ်လိုက်ရဘူး။ ခုမိုးနှောင်းကတော့ လုံးဝ မလုပ်ရတော့ဘူးပေါ့  ' ဟု မြိုင်မြို့နယ်မှ တောင်သူတစ်ဦး ကပြောသည်။

ပခုက္ကူခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူအချို့မှာ နယ်မြေမတည်ငြိမ်မှုကြောင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် ဝင်ငွေအခွင့်အလမ်းဆုံးရှုံးပြီး အကြပ်အတည်းကြုံတွေ့နေရကြောင်း သိရသည်။

' ရွာမှာ သတ်ဖြတ်တာတွေ ဖြစ်ကတည်းက ရှောင်လာတာ။ ခုထိ ရွာမပြန်နိုင်သေးဘူး။ ယာခင်းတွေကတော့ ကိုယ်မလုပ်နိုင်အတူ တစ်ခြားလုပ်ချင်သူကိို ပေးလုပ်ထားလိုက်တယ်။ ဒီနှစ်ကတော့ တောင်သူလုပ်ငန်းဘာမှ မလုပ်နိုင်တော့ပါဘူး။ ရှိတာလေး ထုခွဲရောင်းချပြီး နေရတယ် ' ဟု ပခုက္ကူမြို့နယ်မှတောင်သူတစ်ဦး ကပြောသည်။

ယခုနှစ် မိုးဦးသီးနှံတွင် ပခုက္ကူဒေသတစ်ဝိုက် မိုးရရှိမှုနည်းပါးခြင်း ၊ ပြုစုစောင့်ရှောက်နိုင်မှု နည်းပါးခြင်းတို့ကြောင့် သီးနှံခင်းများ ပျက်စီးခြင်းနှင့် အထွက်နှုန်းလျော့ကျခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ဆောင်းသီးနှံအဓိကထားစိုက်ပျိုးသည့် ရေလည်ကျွန်းကျေးရွာများတွင်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ဒေသခံများ တိမ်းရှောင်မှု ပြုလုပ်နေရကြောင်း သိရသည်။

Most Read

Most Recent