ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ်သိန်းသုံးဆယ် အောက်သို့ရောက်ရှိပြီးနောက် ရွှေဆိုင်များတွင် ပြန်လည်ရောင်းချသူများပြားနေကြောင်း သိရ

ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ်သိန်းသုံးဆယ် အောက်သို့ရောက်ရှိပြီးနောက် ရွှေဆိုင်များတွင် ပြန်လည်ရောင်းချသူများပြားနေကြောင်း သိရ
Published 16 September 2022

ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ်သိန်းသုံးဆယ်အောက်သို့ ရောက်ရှိပြီးနောက် ရွှေဆိုင်များတွင် ပြန်လည် ရောင်းချသူများပြားနေကြောင်း သိရသည်။

လက်ရှိပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်းမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ တစ်ကျပ်သားလျှင် ငွေကျပ်သိန်းသုံးဆယ်အောက်သို့ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ရွှေစျေးနှုန်း  သိန်း သုံးဆယ်အောက်သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းကြောင့် ရွှေဆိုင်များတွင် ပြန်လည်ရောင်းချသူများ ပိုမိုများပြားနေခြင်းဖြစ်ကြောင်း သိရသည်။

“ ခုတစ်ပတ်ထဲမှာ ရွှေစျေးနှုန်းက တစ်ကျပ်သားကို သိန်းသုံးဆယ်အောက်ကို ရောက်လာပြီးနောက်ပိုင်းမှာ ရွှေဆိုင်မှာ အဝယ်ထက် ပြန်ရောင်းတွေက ပိုများလာတယ်။  လာရောင်းတဲ့ထဲမှာမှ တစ်ဆယ်သားအပိုင်း တွေလာရောင်းတာပိုများတာကိုတွေ့ခဲ့ရတယ်။ တစ်ယောက် တစ်ယောက်ကို သိန်းရာချီ ငွေစစ်တာ ထိုင်စောင့်ခဲ့ရတယ်” ဟု ရန်ကုန်မြို့ရှိ နာမည်ကြီး ရွှေဆိုင်တစ်ဆိုင်တွင် မီးလင်းရွှေ ပြန်လည်ရောင်းချသူ တစ်ဦးက ပြောပြသည်။

ရွှေတုံး၊ ရွှေခဲအရောင်းအဝယ် ဆောင်ရွက်ရာတွင်ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန်အတွက် ဘဏ်များက ပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်တော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ရွှေစျေးနှင့်ငွေကြေးစျေးကွက် တည်ငြိမ်ခိုင်မာစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌနှင့်ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ် ငန်းကော်မတီတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွှေနှင့် ငွေကြေးစျေးကွက် တည်ငြိမ်ခိုင်မာစေရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ဆက်လက်ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ရွှေတုံး၊ ရွှေခဲအရောင်းအဝယ် ဆောင်ရွက်သည့်အခါ ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန်အတွက် ဘဏ်များက ပံ့ပိုးပေးမည့်အစီအမံများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ရွှေနှင့်ငွေကြေးစျေးကွက် တည်ငြိမ်စေရေးအတွက် ဆက်လက်ပံ့ပိုးပေးမည့် အစီအစဉ်များ၊ ရွှေလုပ်ငန်းရှင်များက ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

နေပြည်တော်၌ ရောင်းချနေသည့် ရွှေဒင်္ဂါးပြားအား စက်တင်ဘာ ၁၄ ရက်တွင် တစ်ကျပ်သား ကျပ် ၂၈ သိန်းဖြင့် သတ်မှတ် ရောင်းချပေးနေကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားသည်။

နေပြည်တော်တွင် စက်တင်ဘာ ၅ ရက် မှစတင်၍ တစ်မတ်သား ရွှေဒင်္ဂါးပြား၊ ငါးမူးသား ရွှေဒင်္ဂါးပြားနှင့် တစ်ကျပ်သား ရွှေဒင်္ဂါးပြားများကို ရောင်းချနေခြင်းဖြစ်ပြီး စတင်ရောင်းချသည့်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၂၉ သိန်းခွဲဖြင့် ရောင်းချခဲ့ကြောင်းနှင့် စက်တင်ဘာ ၁၃ ရက်က တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်၌သာ ရွှေဒင်္ဂါးပြားများကို ရောင်းချနေသော်လည်း ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများတွင်လည်း ရောင်းချရန် အစီအစဉ်ရှိကြောင်းလည်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ် ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားထားသည်။

ရွှေဒင်္ဂါးပြားများကို ရောင်းချရာတွင် အလျော့တွက်နှင့်ကုန်ကျစရိတ်အဖြစ် တစ်ကျပ်သား ရွှေဒင်္ဂါးဆိုပါက ကျပ် ၃၈၉၅၀၊ ငါးမူးသား ရွှေဒင်္ဂါးဆိုပါက ကျပ် ၂၅၀၀၀၊ တစ်မတ်သား ရွှေဒင်္ဂါးဆိုပါက ကျပ် ၁၂၅၀၀၀ သတ်မှတ်ထားပြီး ယင်းကို ဘူးဖိုးကောက်ခံသည်ဟု နားလည်မှု လွဲနေခြင်းများရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားသည်။

         

Most Read

Most Recent