ယူကရိန်းအပေါ်ဆင်နွှဲသည့် ရုရှား၏စစ်ပွဲသည် နှစ်အတန်ကြာ ရုန်းမထွက်နိုင်သည့်အခြေအနေကို ဦးတည်သွားစေနိုင်ပြီး ယူကရိန်း၏ အနောက်မဟာမိတ်နိုင်ငံများအတွက် အရဲစွန့်လုပ်ဆောင်ရမည့် အန္တရာယ်များကို မြင့်တက်စေနိုင်သည်ဟု ကျွန်းကျင်သူများက သတိပေးခဲ့သည်။
ယူကရိန်းအတွက် စစ်ရေးနှင့် ငွေကြေးအကူအညီများပေးမှုအ အတွက် လူထု၏ စိတ်ရှည်သည်းခံမှု အတိုင်းအတာ ယိမ်းယိုင်နေမှုသည် နိုင်ငံရေးရှုပ်ထွေးမှု အထူးသဖြင့် ငွေကြေးဖောင်းပွမှုနှင့် အခြား စီးပွားရေးဝန်ထုပ်ဝန်ပိုးများကို ပိုမိုဆိုးရွား စေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ထို့ပြင် အခြား ပထဝီနိုင်ငံရေး တင်းမာမှုများကလည်း ယူကရိန်းအတွက် နောက်ထပ် အထောက်အပံ့များပေးမှုကို လျော့ပါးစေနိုင်သည်။ ဥပမာပြရလျှင် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများမြင့်တက်နေမှုဖြစ်သည်။
ယင်းအခြေအနေများသည် ယူကရိန်းတွင် နယ်မြေသိမ်းယူမှုများနှင့်ပတ်သက်ပြီး ရန်လိုမှုများ အဆုံးသတ်စေရန် ဆွေးနွေးညှိနှိုင်းမှုများနှင့်ပတ်သက်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးအပေါ် ဖိအားများပိုမိုကျရောက်လာစေနိုင်သည်။
“တရုတ်အနေနဲ့ ရန်လိုမှုတွေကို မြှင်တင်လာနိုင်တဲ့ အနာဂတ် စိတ်မှန်းဖြစ်နိုင်ခြေက ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့်လို သမ္မတတစ်ဦး ရွေး ကောက်ခံရပြီး သူ့ရဲ့တပ်ဖွဲ့တွေက ဥရောပမှာ ခြေကုပ်ယူမှုကို တိုးမြှင့်မယ်ဆိုရင် လာမယ့်ခြောက်လအတွင်း မြေပြင်အခြေအနေမှာ စစ်ရေးအရ ဘာတွေပဲဖြစ်လာဖြစ်လာရုရှားဟာ အနိုင်ရရှိသူ ဖြစ်လာနိုင်ပါတယ်”ဟု French Foundation for Strategic Research (FSR)မှ ဘရူနို တာထရစ်က ပြောကြားခဲ့သည်။
■ ဥရောပ၏ စိန်ခေါ်မှုများ
ယခုလအတွင်း ချက်နိုင်ငံပရပ်မြို့တော်တွင် ဆန္ဒပြသူ ၇၀၀၀၀ ခန့် စုရုံးခဲ့ကြပြီး ချက်အစိုးရသည် လာမည့်ဆောင်းရာသီတွင် အနွေးဓာတ်ရယူမှုအတွက် ကုန်ကျစရိတ်များ မြင့်တက်မှုကို ရင်ဆိုင်နေရသည့် ပြည်သူများ၏အရေးထက် ယူကရိန်းအရေးကို ပိုမိုရှေ့တန်းတင်လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။
ယင်းကဲ့သို့ လူထုအကြားမကျေ မချမ်းဖြစ်မှုများသည် မကြာမီအချိန်အတွင်း ရွေးကောက်ပွဲများကျင်းပမည့် အခြားဥရောပနိုင်ငံများထံသို့ အလွယ်တကူ ပျံ့နှံ့သွားနိုင်သည်။
“အဲဒီအချိန်မျိုးမှာ ပြင်သစ်နိုင်ငံက yellow vests ဆန္ဒပြမှုတွေ ပြန်လည်ပေါ်ပေါက်လာမယ်ဆိုရင် ဒါမှမဟုတ် လူထုအကြား မကျေမချမ်းဖြစ်မှုတွေ မြင့်တက်လာမယ်ဆိုရင် အစိုးရခေါင်းဆောင်တွေအတွက် ဖိအားတွေကို ရင်ဆိုင်ရပါလိမ့်မယ်”ဟု ဥရောပလုံခြုံရေး ကျွမ်းကျင်ပညာရှင်များအဖွဲ့ PISE မှ အီမန်နျူရယ် ဒူပိုင်းက ပြောကြားခဲ့သည်။
ရုရှားအပေါ် ချမှတ်ခဲ့သည့် ဥရောပသမဂ္ဂ၏ ပြင်းထန်သည့် ပိတ်ဆို့မှုများ၏ သက်ရောက်မှုသည် ရုရှားစျေးကွက်မှ ဖယ်ထုတ်ခံခဲ့ရသည့် ဥရောပကုမ္ပဏီများအပေါ် ကြီးမားစွာ ကျရောက်လိမ့်မည်ဖြစ်ပြီး စီးပွားရေးများ နာလန်မထူနိုင်ဘဲ အချို့နိုင်ငံများတွင် စီးပွားရေးကျဆင်းမှု အခြေအနေအထိ ရောက်ရှိသွားနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
ဥရောပ၏ ပိတ်ဆို့မှုများကို ရုရှားက တုံ့ပြန်သည့်အနေဖြင့် ဥရောပကို သဘာဝဓာတ်ငွေ့တင်ပို့မှုများ လျှော့ချခဲ့ပြီးနောက် လောင်စာစျေးနှုန်းများ မြင့်တက်နေမှုသည် ယခုနှစ်ဆောင်းရာသီအတွင်း သန်းနှင့်ချီသည့် လူများကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။
■ အမေရိကန်၏ အခြေအနေ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ ယူကရိန်းကို ဒေါ်လာဘီလျံနှင့် ချီတန်ကြေးရှိသည့် စစ်ရေးနှင့် ငွေကြေးအကူအညီများထောက်ပံ့ပေးနေသော်လည်း ယူကရိန်းတွင် တန့်နေသည့် စစ်ပွဲသည် အမေရိကန်၏ ကူညီထောက်ပံ့မှုများကို လျော့ပါးသွားစေနိုင်သည်။
“ယူကရိန်းစစ်ပွဲဟာ အမေရိကန်အတွက် ကသိကအောက်ဖြစ်စေနိုင်ပါတယ်။ အမေရိကန်ဟာ အင်ဒိုပစိဖိတ်ဒေသက သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် ပိုပြီး အာရုံစိုက်ချင်နေပါလိမ့်မယ်”ဟု စပိန်ကျွမ်းကျင်ပညာရှင်အဖွဲ့ Elcano မှ ညွှန်ကြားရေးမှူး ချားလ်စ် ပိုဝဲလ်က မကြာသေးမီက ဘူခါရက်စ် တွင်ပြုလုပ်ခဲ့သည့် ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် အခရ ကျနေသည့် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ အင်အားကြီးမားလာမှုကို တန်ပြန်ရေးကို စိုးရိမ်မှုများ မြင့်တက်နေသည်။
ထို့ပြင် အမေရိကန်တွင် လာမည့်နိုဝင်ဘာလ၌ပြုလုပ်မည့် သက်တမ်းဝက် ရွေးကောက်ပွဲ၏ရလဒ်သည်လည်း ယူကရိန်းစစ်ပွဲတွင် အမေရိကန်၏ ထောက်ပံ့မှုအခြေအနေကို အပြောင်းအလဲဖြစ်စေနိုင်လိမ့်မည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။














