နစက ဥက္ကဋ္ဌ နှင့် ရုရှား သမ္မတတို့ တွေ့ဆုံဆွေးနွေး

နစက ဥက္ကဋ္ဌ နှင့် ရုရှား သမ္မတတို့ တွေ့ဆုံဆွေးနွေး
Published 7 September 2022

ရုရှားနိုင်ငံတွင် ကျင်းပသည့်(၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ ယနေ့(စက်တင်ဘာ ၇ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ရုရှားနိုင်ငံ၊ ဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

နစက ဥက္ကဋ္ဌ နှင့် ရုရှား သမ္မတတို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၅၀ မိနစ် အထိ အချိန် ၁ နာရီ ၂၀ မိနစ်အကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြီးအကဲတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေးနှင့် နိုင်ငံတကာအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ စတင်သွားရောက်ခဲ့ခြင်းဖြစ်ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၅ ရက်တွင် ရုရှားနိုင်ငံ ဗလာဒီမော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် Far Eastern Federal University(FEFU) အတွင်းရှိ Medical Schoolနှင့် Medical Center တို့သို့ သွားရောက်လေ့လာခဲ့ကြောင်းသိရသည်။

ထို့ပြင် နစကဥက္ကဋ္ဌ သည် စက်တင်ဘာ ၆ ရက်တွင်  ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ်တို့ တွေ့ဆုံခဲ့ပြီး နျူကလီးယား စွမ်းအင်ကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကာရှေ့ဆက်ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့သည်။

အလားတူ နစကဥက္ကဋ္ဌသည် စက်တင်ဘာ ၆ ရက်တွင် ရုရှားသမ္မတ အကြံပေးဖြစ်သူနှင့် တွေ့ဆုံ၍ ရုရှား-မြန်မာ မိတ်ဆွေညီအကိုနိုင်ငံ နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည့် အ​​ခြေအနေများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးတို့အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ​​ပြေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။