အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် လာမည့်နွေစပါးစိုက်ပျိုးရာသီတွင် ဧက ၈၅၀၀၀၀ နှင့် ဆောင်းပဲတီစိမ်းဧက ငါးသိန်းအတွက် ကျပ်ဘီလျံ ၂၃၀ ထုတ်ချေးမည်

အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် လာမည့်နွေစပါးစိုက်ပျိုးရာသီတွင် ဧက ၈၅၀၀၀၀ နှင့် ဆောင်းပဲတီစိမ်းဧက ငါးသိန်းအတွက် ကျပ်ဘီလျံ ၂၃၀ ထုတ်ချေးမည်
Published 6 September 2022

အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် လာမည့်နွေစပါးစိုက်ပျိုးရာသီတွင် ဧက ၈၅၀၀၀၀ နှင့် ဆောင်းပဲတီစိမ်းဧက ငါးသိန်းအတွက် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်မည့်သူ အစုအဖွဲ့များမှတစ်ဆင့် ကျပ်ဘီလျံ ၂၃၀ ထုတ်ချေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုသိသာစွာတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက လာမည့်နွေစပါးစိုက်ပျိုးရာသီတွင် ဧက ၈၅၀၀၀၀ အတွက် တစ်ဧကလျှင် ကျပ် ၂၀၀၀၀၀ နှင့်ညီမျှသော သွင်းအားစုများကို အကျိုးတူလယ်ယာစနစ် ဆောင်ရွက်မည့်သူ အစုအဖွဲ့များမှတစ်ဆင့် ထောက်ပံ့ပေးရန် လိုအပ်သည့် ကျပ်ဘီလျံ ၁၇၀၊ ဆောင်းပဲတီစိမ်းဧက ငါးသိန်းအတွက် တစ်ဧကလျှင် ကျပ် ၁၂၀၀၀၀ နှင့်ညီမျှသော သွင်းအားစုများကို အကျိုးတူလယ်ယာစနစ် ဆောင်ရွက်မည့်သူအစုအဖွဲ့များမှတဆင့်  ထောက်ပံ့ပေးရန် လိုအပ်သည့်  ကျပ်ဘီလျံ ၆၀၊ စုစုပေါင်းကျပ်ဘီလျံ ၂၃၀ ထုတ်ချေးပေးပြီး အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံပေါ်ချိန်တွင် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ကာလပေါက်စျေးဖြင့် ပြန်လည်ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် တစ်ဦးတစ်ယောက်ချင်းဖြင့် ဆောင်ရွက်ရမည့်အစား၊ တောင်သူအစုအဖွဲ့များ၊ သမဝါယမအသင်းများ၊ သွင်းအားစုကုမ္ပဏီအစုအဖွဲ့များ၊ သီးနှံထွက်ကုန်များကို ပြန်လည်ဝယ်ယူမည့်အကျိုးတူ လယ်ယာစနစ်ဆောင်ရွက်မည့်သူ အစုအဖွဲ့များ သုံးဦးသုံးဖလှယ်ပါဝင်ကြရမည်ဖြစ်သည်။ တောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြွေးကျေသူများသာမက ကြွေးကျန်ရှိသူများပါ ပါဝင်ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သော်လည်း ကြွေးကျန်ရှိသူ တောင်သူများအနေဖြင့်သီးနှံများ ရောင်းချချိန်တွင် လယ်၊ ဘဏ်ကြွေးကျန်ရှိသည့်ပမာဏ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ကြွေးရှိနေသည့် တောင်သူများအတွက် ကြွေးကျေပြီး ကြွေးကင်းရှင်းစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။  

အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်၊ ရောင်းဝယ်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများအကြား နှစ်ဦးနှစ်ဖက် သဘောတူညီမှု စာချုပ်ချုပ်ဆို၍ ပုဂ္ဂလိကလုပ်ငန်းရှင်များက မျိုး၊ ဓာတ်မြေသြဇာစသည့် သွင်းအားစုများ၊ ကြိုတင်ထုတ်ပေးခြင်းဖြစ်၍ တောင်သူလိုအပ်သော ရင်းနှီးမြှုပ်နှံမှုအတွက် အတိုးကြီးပေးကာ ငွေချေးငှားရမှုမရှိခြင်း၊ သီးနှံထွက်ကုန်ပေါ်ချိန်တွင် ကြိုတင်ထုတ်ပေးထားသည့်စရိတ်များကို ခုနှိမ်ကာ ပြန်လည်ဝယ်ယူခြင်းအပြင် ကျန်သီးနှံများကိုလည်း ပေါက်စျေးအတိုင်း ဝယ်ယူမည်ဖြစ်၍ စျေးကွက်နှင့်စျေးနှုန်းသေချာခြင်းအကျိုးကို ခံစားကြရမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း စျေုးကွက်ရှိသည့်သီးနှံအမျိုးအစားကို တစ်နေရာတည်းမှ တစ်စုတစ်စည်းတည်း ဝယ်ယူရရှိခြင်း၊ စျေးနှုန်းတည်ငြိမ်ခြင်း၊ စျေးကွက်တွင် ထွက်ကုန်ပမာဏ အာမခံနိုင်ခြင်းစသည့် တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရရှိရေး ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent