ဘိုင်ဒင်သည် နိုင်ငံ့ရန်သူဖြစ်သည်ဟု ဒေါ်နယ်ထရန့် ပြောကြား

ဘိုင်ဒင်သည် နိုင်ငံ့ရန်သူဖြစ်သည်ဟု ဒေါ်နယ်ထရန့် ပြောကြား
Published 4 September 2022
Ref: AFP

စက်တင်ဘာ ၃ ရက်က ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်ပြုလုပ်သည့် လူထုစည်းဝေးပွဲတွင် ပရိသတ်ကိုစကားပြောနေသည့် ထရန့်အား တွေ့ရစဉ်(Photo: AFP)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကို နိုင်ငံ့ ရန်သူတစ်ဦးဟု နာမည်ဆိုးတပ်ခဲ့ပြီး ပြီးခဲ့ သည့်လက ၎င်း၏အိမ်ကို FBI က ဝင်ရောက် စီးနင်းခဲ့မှုကို ဝေဖန်ခဲ့သည်။

ထရန့်နှင့် ၎င်းအား ထောက်ခံသူများသည် အမေရိကန်၏ ဒီမိုကရေစီကို လျော့ပါးစေသည်ဘိုင်ဒင်၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် စက်တင်ဘာ ၃ ရက်တွင် ထရန့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၈ ရက်က ၎င်း၏နေအိမ်စီးနင်း ရှာဖွေခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် လူထု မြင်ကွင်းကို ထွက်ပေါ်မှုအနေနှင့် ထရန့်သည် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် လူထုစည်း ဝေးပွဲပြုလုပ်ခဲ့ပြီး ၎င်းနေအိမ်အား စီးနင်းရှာ ဖွေခဲ့မှုသည် အတုအယောင် တရားမျှတမှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ် လောက်က  အမေရိကန်ရဲ့လွတ်လွပ်ခွင့်ကို အမှန်တကယ်ခြိမ်းခြောက်မှုတွေရဲ့ ထင်ရှား တဲ့ ဥပမာထက်ပိုတဲ့ဖြစ်ရပ်မျိုး မရှိနိုင်ပါဘူး။  ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ဟာ အမေရိကန်သမိုင်းရဲ့ အစိုးရအဆက်ဆက်မှာ အာဏာအလွဲသုံးစားပြုလုပ်တဲ့ ထိတ်လန့်ဖို့ အကောင်းဆုံးဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့ ခဲ့ရပါတယ်”ဟု တရားရေးဌာနနှင့် FBI  သည် အိမ်ဖြူတော်၏ လက်အောက်တွင်မရှိဘဲ လွတ်လပ်စွာလုပ်ဆောင်သည့် လုပ်ထုံးလုပ် နည်းများရှိသည့်တိုင် ထရန့်က ယင်းကဲ့သို့ ပြောကြားခဲ့သည်။

အမေရိကန်ရှေ့နေချုပ်မာရစ်ဂါလန်းကမူ ထရန့်၏ ဖလော်ရီဒါနေအိမ်ကို စီးနင်း ရှာဖွေမှုအတွက် မိမိကိုယ်တိုင် အတည်ပြုပေး ခဲ့ခြင်းဖြစ်သည်ဟု သြဂုတ် ၁၀ ရက်က ပြော ကြားခဲ့သည်။

ရှာဖွေမိန့် ထုတ်ပေးရန် ဆုံးဖြတ်ချက်ကို မိမိကိုယ်တိုင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားရေး ဌာနအနေဖြင့် ထိုကဲ့သို့သော ဆုံး ဖြတ်ချက်ကို ပေါ့ပေါ့တန်တန်ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ဟု ဂါလန်းက သတင်းထောက်များကို ပြောကြား ခဲ့သည်။

Wilkes Barre မြို့တွင်ပြုလုပ်သည့် Save America လူထုစည်းဝေးပွဲတွင် ထရန့် က ၎င်းအားထောက်ခံသူများကို ချီးကျူးခဲ့ပြီး  ယင်းကဲ့သို့ စံတင်လောက်သည့် တရားဥပဒေ အလွဲသုံးစားပြုလုပ်မှုသည် ယခင်က မည်သူမျှ မြင်တွေ့ခဲ့ရဖူးခြင်းမရှိသည့် လူထုတုံ့ပြန်မှု ကို ဖြစ်ပေါ်စေခဲ့သည်ဟုလည်း ထရန့်က ပြောကြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်က ဘိုင်ဒင်၏မိန့်ခွန်းထဲတွင် ထရန့်နှင့် ၎င်းအား ထောက်ခံသူများသည် မိမိတို့နိုင်ငံ၏ အုတ် မြစ်များကို ခြိမ်းခြောက်သည့် အစွန်းရောက်မှု ကို ဖြစ်စေခဲ့သည်ဆိုသည့် ပြောကြားချက်ကို လည်း ထရန့်က တုံ့ပြန်ခဲ့သည်။

စက်တင်ဘာ ၁ ရက်က ဖီလာဒယ်ဖီး ယားပြည်နယ်တွင် ပြောကြားခဲ့သည့် ဘိုင်ဒင် ၏ မိန့်ခွန်းထဲတွင် ထရန့်၏ အယူဝါဒကို ထောက်ခံအားပေးသည့် ရီပတ်ဘလစ်ကန် များကို မကြုံစဖူး ပုတ်ခတ်ပြောဆိုခဲ့သည်။

ထရန့်ကမူ ဘိုင်ဒင်၏ မိန့်ခွန်းသည် အ မေရိကန်သမ္မတတစ်ဦးပြောကြားသည့် အပြင်းထန်ဆုံး၊ မနှစ်သက်ဖွယ်အကောင်းဆုံး နှင့် သဘောထားကွဲလွဲစေသည့် မိန့်ခွန်းဖြစ် သည်ဟု ဝေဖန်ရှုတ်ချခဲ့သည်။

“သူ (ဘိုင်ဒင်) ဟာ နိုင်ငံရဲ့ ရန်သူတစ် ဦးပါ။ခင်ဗျားတို့ အမှန်တရားကို သိချင်မှာပါ။ နိုင်ငံ့ ရန်သူက သူပါပဲ”ဟု ထရန့်က ပြောကြား ခဲ့သည်။

                                                           Ref: AFP

Most Read

Most Recent