ငွေကြေးဖောင်းပွမှုနှင့် ကုန်ကြမ်းပြတ်လပ်မှုကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှု အခိုင်အမာဆုတ်ယုတ်လာခဲ့ပြီး  ၂၀၂၂ ခုနှစ် ကျန်လများတွင် စားသုံးမှုနှုန်းနှင့် ဝယ်လိုအား ဆက်လက်ကျဆင်းလာမည်ဟု စစ်တမ်းတွင်ဖော်ပြ

ငွေကြေးဖောင်းပွမှုနှင့် ကုန်ကြမ်းပြတ်လပ်မှုကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှု အခိုင်အမာဆုတ်ယုတ်လာခဲ့ပြီး  ၂၀၂၂ ခုနှစ် ကျန်လများတွင် စားသုံးမှုနှုန်းနှင့် ဝယ်လိုအား ဆက်လက်ကျဆင်းလာမည်ဟု စစ်တမ်းတွင်ဖော်ပြ
ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
Published 2 September 2022

ပြီးခဲ့သည့် သြဂုတ်လအတွင်း ငွေကြေးဖောင်းပွမှုနှင့် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ကုန်ထုတ်လုပ်မှု အခိုင်အမာဆုတ်ယုတ်လာခဲ့ပြီး ၂၀၂၂ခုနှစ် ကျန်လများတွင် စားသုံးမှုနှုန်းနှင့် ဝယ်လိုအားမှာလည်း ဆက်လက်ကျဆင်းလာမည်ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည့် S& P GLobal မြန် မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းတွင် ဖော်ပြထားသည်။

“ သြဂုတ်လ data က မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍတစ်ဝှမ်းမှာ အခြေအနေများ အခိုင်အမာ ဆုတ်ယုတ်လာနေခြင်းကို ပြသနေပါတယ်။ စစ်တမ်းထဲပါဝင်ခဲ့ကြတဲ့ လုပ်ငန်းများကို လေ့လာကြည့်လျှင် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ကြမ်းပြတ်လပ်မှုက ထုတ်လုပ်မှုကို နောက်ပြန်ဆွဲနေခဲ့ပါတယ်”ဟု S& P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။

ထို့ပြင် ကျပ်ငွေတန်ဖိုး ဆက်လက်ကျ ဆင်းလာနေပြီး ကုန်ကြမ်းတင်သွင်းရေး ကွင်း ဆက်များပြတ်တောက်မှုရှိနေသဖြင့် ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်မှုများလာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၂ခုနှစ် ကျန်လများတွင် စားသုံးမှုနှုန်းနှင့် ဝယ်လိုအားမှာလည်း ဆက် လက်ကျဆင်းလာမည်ဖြစ်ကြောင်း စစ်တမ်းတွင် ခန့်မှန်းထားသည်။

“ကျပ်ငွေရဲ့ ငွေလဲနှုန်း ဆက်လက်ကျ ဆင်းလာနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ပြတ်တောက်မှုရှိနေတဲ့အတွက် စျေးနှုန်းတွေ ရှေ့ဆက်ပြီး မြင့်တက်လာဖို့များပါတယ်။ အဲဒါကြောင့် စျေးဝယ်များဖက်မှ ဝယ်လိုအား ဆက်ကျဆင်းလာမယ်လို့ မျှော်မှန်းနိုင်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ကျန်ရှိနေသေးတဲ့ လများအတွင်းမှာ စားသုံးမှုနှုန်းဟာ နိမ့်ကျလာမှာပါ” ဟု Maryam Baluch ကဆိုသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ သြဂုတ်လတွင် လေးလဆက်တိုက် ကျဆင်းလာခဲ့သည်။ ထုတ်လုပ်မှုနှင့် အော်ဒါမှာယူမှု ပမာဏများ ပိုမိုမြန်ဆန်စွာ ကျဆင်းလာမှုကြောင့် ထုတ်လုပ်မှုအခြေအနေများ ဆုတ်ယုတ်လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စျေးနှုန်းဖိအားပေးမှုများ ပြင်းထန်လာခဲ့သောကြောင့် ရောင်းစျေးများ တဟုန်ထိုး မြင့်တက်လာခဲ့ရာ စျေးဝယ်များထံတွင် ဘဏ္ဍာရေးအခက်အခဲရှိလာခြင်းကြောင့် ဝယ်လိုအားအပေါ် လေးလံစွာ သက်ရောက်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

အဓိကအကျဆုံး မြန်မာ့ကုန်ထုတ်လုပ်မှု အညွှန်းကိန်း PMI မှာ ဇူလိုင်လအတိုင်း ပြောင်းမှုမရှိဘဲ သြဂုတ်လတွင် ၄၆ ဒသမ ၅ တွင် မှတ်တမ်းတင်ခဲ့ကြောင်း၊ ယင်းအညွှန်းကိန်းက ကုန်ထုတ်လုပ်မှုကဏ္ဍ၏အခြေအနေမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး ပူးတွဲအမြန်ဆုံး ဆုတ်ယုတ်လာမှုကို  အချက်ပြနေကြာင်း ဖော်ပြထားသည်။

ထုတ်လုပ်ရေးကုမ္ပဏီများ သိုလှောင်ထားကြသည့် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်မျိုးစလုံး ဆက်လက်ကျဆင်းလာခဲ့သည်။ စက်ရုံများ ရရှိခဲ့ကြသည့် အော်ဒါများ လျော့နည်းလာလျက် ကုန်စည်များကို ချက်ချင်းတင်ပို့နေရမှုကြောင့် သိုလှောင်ကုန်များ သိသာစွာကျဆင်းလာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

အီးယူနှင့် အမေရိကန်တို့၏ ချမှတ်ထားသည့် ပိတ်ဆို့မှုများက လက်ရှိတာဝန်ယူထားသော အစိုးရ၏အုပ်ချုပ်မှုကို ဟန့်တားကြမည် ဖြစ်သည့်အတွက် အနာဂတ်မျှော်မှန်းချက်များမှာ အားနည်းနေပြီး နိုင်ငံ၏စီးပွားရေး အခြေခံအဆောက်အအုံများအတွက် ကာလတို အခက်များဖြစ်ပေါ်စေမည်ဟု ခန့်မှန်းထားသည်ကြောင်းလည်း ဖော်ပြထားသည်။

Most Read

Most Recent