ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများနှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက် ၃၉ မျိုးအား ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများနှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက် ၃၉ မျိုးအား ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 31 August 2022

ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများနှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက် ၃၉ မျိုးအား ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သြဂုတ် ၃၀ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စျေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို စျေးများ၊ ကျောင်းမုန့်စျေးတန်းများမှ ဝယ်ယူစစ်ဆေးရာ ဖော်ပြပါအစားအသောက်များ၌ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါဝင်မှုနှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည်တို့ကြောင့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သဖြင့် ဖော်ပြပါအစားအသောက်များကို နောက်ထပ်ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့် ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစားသုံးရန်မသင့်သော အစားအသောက် ၃၉ မျိုးမှာ ရွှေအုပ်တံဆိပ်ပါ မက်မန်းယို၊ ကောင်းဟိန်းတံဆိပ်ပါ ဇီးယို၊ ဘုရင်မတံဆိပ်ပါ မက်မန်းသီး(အနီ)၊ ရုပ်ပုံတံဆိပ်ပါ မန်ကျည်းဖလိတ်၊ 123 တံဆိပ်ပါ သရက်ယို၊ Hong Yuan တံဆိပ်ပါ ဇီးသီးယို၊ MK တံဆိပ်ပါ မက်မန်းနီ၊ ASA တံဆိပ်ပါ Heart Jelly၊ LANTERN တံဆိပ်ပါ Bubble Gum၊ Fruity တံဆိပ်ပါ အချိုရည်၊ ဇမ္ဗူကျော်တံဆိပ်ပါ ရှောက်သီးတော်ဖီ၊ မမော်တံဆိပ်ပါ ဇယန်းလက်ဖက်အစို၊ အေးအေးအောင်တံဆိပ်ပါ သစ်သီးယိုစုံ၊ New Choice တံဆိပ်ပါ Reserved Red Peach၊ ABC တံဆိပ်ပါ စတော်ဘယ်ရီအရသာ အချိုရည်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ ခြင်္သေ့မင်းတံဆိပ်ပါ ငရုတ်ဆီ၊ Lucky Tiger တံဆိပ်ပါ ငရုတ်ဆီ၊ SunLight တံဆိပ်ပါ ကိုလာအရသာအချိုရည်၊ ဇယန်းရွှေတောင်တံဆိပ်ပါ ပဲကြီးလှော်၊ အက်ရှင်တံဆိပ်ပါ စံဂျူး၊ ကံသာရွှေဇီးလုံးကြီး တံဆိပ်ပါ ဇီးသီးပေါင်း၊ ၀ါလေးတံဆိပ်ပါ မက်မန်းသီး၊ ဂွန်းဂွန်းတံဆိပ်ပါ ပုန်းရည်ကြီး၊ ရုပ်ပုံတံဆိပ်ပါ ခေါက်မုန့်(အနီ)၊ အရီးလေးတံဆိပ်ပါ အောင်လံပုန်းရည်ကြီး၊ မေပုလဲတံဆိပ်ပါ မက်မန်းသီး၊ မေပုလဲတံဆိပ်ပါ သစ်သီးယို၊ ရွှေဒင်္ဂါးတံဆိပ်ပါ သာကူချောင်း၊ ထူးရှယ်တံဆိပ်ပါ ငါးပိ၊ Thailand စာသားတံဆိပ်ပါ ယိုးဒယားငါးပိရည်၊ Thailand စာသားတံဆိပ်ပါ ကြက်ကြော်လုံး၊ TP Food တံဆိပ်ပါ ကြက်ကြော်လုံး၊ TRK တံဆိပ်ပါ အသားချောင်း၊ Thailand စာသားတံဆိပ်ပါ ငါးပေတံ စသည့်တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးဝါးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent