ဒေါ်လာငါးသန်းကျော်ရှိသည့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခု ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်နိုင်ရန် အတည်ပြု

ဒေါ်လာငါးသန်းကျော်ရှိသည့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခု ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်နိုင်ရန် အတည်ပြု
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို ယခင်နှစ်က တွေ့ရစဉ်
Published 30 August 2022

ဒေါ်လာငါးသန်းကျော်ရှိသည့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခု ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် သြဂုတ် ၂၄ ရက်က ကျင်းပခဲ့ရာတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခုကို အတည်ပြုပေးခဲ့ကြောင်း၊ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ဆန်စက်လုပ်ငန်းများတွင် အသုံးပြုသည့် အိတ်အမျိုးမျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ် လုပ်ခြင်းလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသော ပလတ်စတစ်အိတ်အမျိုးမျိုးထုတ်လုပ်၍ ပြည်တွင်းရှိ CMP အထည်ချုပ်လုပ်ငန်းများသို့ရောင်းချခြင်းလုပ်ငန်း၊ အလွှာကပ်ပိတ်မျိုးစုံထုတ်လုပ်၍ ပြည်တွင်းရှိ CMP လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်းတို့ဖြစ်သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ဒေါ်လာ ၅ ဒသမ ၁၄၃ သန်းဖြစ်ပြီး လုပ်ငန်းစုစုပေါင်းလေးခုတို့မှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၃၆၉ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောင်ရင်းနှီီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၃ ဒသမ ၂၉၄ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃၀၀ ကျော်ရှိကြောင်း DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စင်ကာပူကဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ ROK က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa ကရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles ကဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း၊ UK က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊ နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent