KNU ထိန်းချုပ်နယ်မြေများတွင် တပ်မတော်၊ BGF နှင့် KNLA၊ KNDO တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး တပ်မဟာ(၁)နှင့် တပ်မဟာ (၃) နယ်မြေတွင် စစ်ဘေးရှောင် တစ်သိန်းခွဲကျော်ရှိကြောင်း KNU သတင်းထုတ်ပြန်

KNU ထိန်းချုပ်နယ်မြေများတွင် တပ်မတော်၊ BGF နှင့် KNLA၊ KNDO တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး တပ်မဟာ(၁)နှင့် တပ်မဟာ (၃) နယ်မြေတွင် စစ်ဘေးရှောင် တစ်သိန်းခွဲကျော်ရှိကြောင်း KNU သတင်းထုတ်ပြန်
Published 15 August 2022

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများတွင် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး တပ်မဟာ(၁) နယ်မြေ ဒူးသထူးခရိုင်နှင့် တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်တို့တွင် စစ်ဘေးရှောင် ၁၅၄၈၆၆ ဦးရှိကြောင်း သြဂုတ် ၁၄ ရက်တွင် KNU က သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ (၄) နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်၊ တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်တို့ရှိ စစ်ဘေးရှောင်ပြည်သူအရေအတွက်ကို စိစစ်ဆဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် နှစ်ဖက်တိုက်ပွဲများအကြား အပြစ်မဲ့ပြည်သူအမြောက်အမြား၏ အသက်များစွာလည်း ဆုံးရှုံးခဲ့ရကြောင်းလည်း KNU က သတင်းထုတ်ပြန်သည်။

KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း၊ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး လိုအပ်ချက်များကို သက်ဆိုင်ရာ တပ်မဟာခရိုင်များအတွင်းရှိ တာဝန်ရှိသူများက တတ်နိုင်သည့်ဘက်မှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း စစ်ဘေးရှောင်ပြည်သူဦးရေမှာ အများအပြားတိုးပွားလာခြင်းကြောင့် လိုအပ်ချက်များမှာလည်း ပိုမိုမြင့်မားလာကြောင်း KNU က ထုတ်ပြန်သည်။

လက်ရှိစစ်ဘေးရှောင်များအတွက် အဓိကအားဖြင့် ရိက္ခာ၊ နေရာထိုင်ခင်းနှင့် အမိုးအကာများ အများအပြား လိုအပ်လျက်ရှိကြောင်း၊ အကူအညီများ ပေးအပ်လိုသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကိုကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း KNLA၊ KNDO နှင့် တပ်မတော်၊  BGF တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်နှင့် ပျောက်ကြားပစ်ခတ်မှုပေါင်း ၂၅၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၉ ရက်တွင် KNU က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း တပ်မတော်၊ BGF ဘက်မှ ၃၈၆ ဦး သေဆုံးခဲ့ပြီး ၂၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA၊ KNDO ဘက်မှ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး ၂၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent