မြန်မာနိုင်ငံနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီ ပူးတွဲသဘောထားထုတ်ပြန်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီ ပူးတွဲသဘောထားထုတ်ပြန်
Published 15 August 2022

မြန်မာနိုင်ငံနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ၏ ပြောကြားချက်များအပေါ် ကန့်ကွက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီက သြဂုတ် ၁၄ ရက်တွင် ပူးတွဲသဘောထားထုတ်ပြန်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သြဂုတ် ၈ ရက်က ကျင်းပခဲ့သည့် အာဆီယံနေ့အခမ်းအနားနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ် ၁၀ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲများတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ၏လူသားချင်း စာနာမှုအကူအညီပေးသည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း စွပ်စွဲပြောဆိုပြီး နစကအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG နှင့် ထိတွေ့ဆက်ဆံရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောဆိုခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးပါတီ ၂၂ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ စွပ်စွဲပြောဆိုချက်များသည် မြန်မာနိုင်ငံက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA စင်တာ)နှင့် ပူးပေါင်းဆောင်ရွက်မှုတွင် သိသာထင်ရှားသည့် တိုးတက်မှုများကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံရေးပါတီ ၂၂ ပါတီတို့က ပူးတွဲသဘောထားထုတ်ပြန်သည်။

ထို့အတူ မြန်မာနိုင်ငံအတွင်း မငြိမ်မသက်မှုများနှင့်အကြမ်းဖက်မှုများကို တရားဝင်အားပေးရာရောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရာရောက်ကြောင်းလည်း နိုင်ငံရေးပါတီ ၂၂ ပါတီတို့က ပူးတွဲသဘောထားထုတ်ပြန်ကြေညာသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေမည့်စွပ်စွဲပြောဆိုမှုများကို ရှောင်ရှားသင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု ပျက်ပြားအောင် နှောင့်ယှက်ရာရောက်သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မမှန်မကန် စွပ်စွဲပြောကြားချက်များကို နိုင်ငံတော်အကျိုးအတွက် ကန့်ကွက်ကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်နေမှုများကို ဝိုင်းဝန်းကူညီ အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ၂၂ ပါတီ၏ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူမြန်မာနိုင်ငံသည် ငြိမ်းချမ်းတည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြောက်သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာစေရန် လုပ်ငန်းစဉ်ငါးရပ်ချမှတ် ဆောင်ရွက်လျက်ရှိသည့်အပြင်အာဆီယံအဖွဲ့ကြီး၏ တူညီဆန္ဒငါးချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်ကို ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ စသည့် နိုင်ငံရေးပါတီ ၂၂ ပါတီတို့က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent