ကုန်စျေးနှုန်း မြင့်တက်ခြင်း

ကုန်စျေးနှုန်း မြင့်တက်ခြင်း
Published 12 August 2022

ယူကရိန်းစစ်ပွဲကြောင့် ရေနံမှသည် ဂျုံအထိ ကုန်ကြမ်းများသည် “ထူးခြားသော အရွေ့များ”ကို အစပျိုးလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စျေးနှုန်းများသည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြီးမားဆုံး အပတ်စဉ် မြင့်တက်မှုလမ်းကြောင်းပေါ်၌ ရှိနေပြီး ဥရောပ၏ သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်မှုသည် စံချိန်သစ်တင်ခဲ့ကြောင်း Financial Times က ဖော်ပြသည်။ ကမ္ဘာလုံးဆိုင်ရာကုန်ကြမ်းများ၏ စျေးနှုန်းအတွက် ကျယ်ပြန့်သော တိုင်းတာမှုဖြစ်သည့် S&P GSCI အညွှန်းကိန်းသည် ယခုအပတ်တွင် ၁၆ ရာခိုင်နှုန်း ခုန်တက်သွားပြီး ၁၉၇၀ ခုနှစ်နောက်ပိုင်း စံချိန်များထက် အလျင်မြန်ဆုံးမြင့်တက်မှုလမ်းကြောင်းပေါ် ရောက်ခဲ့ကြောင်း Refinitiv အချက်အလက်များအရ သိရသည်။ ၎င်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း ၎င်း၏အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကုန်စျေးနှုန်း မြင့်တက်ခြင်းနှင့်ပတ်သက်၍ ပိုမိုမြင့်မားသော အကြောင်းခြင်းရာများကို ယာယီဘေးဖယ်ထားကြည့်ပါက အခြေခံအကျဆုံး အကြောင်းတရားသုံးခုကို တွေ့ရှိရမည် ဖြစ်သည်။ ယင်းအခြေခံအကြောင်းတရား သုံးခုမှာ (၁) ဝယ်လိုအားမြင့်တက်ခြင်း (Increase Demand)၊ (၂) ရောင်းလိုအား လျော့ကျခြင်း (Decrease Supply) နှင့် (၃) ငွေကြေးဖောင်းပွမှု (inflaction) တို့ ဖြစ်ကြသည်။

ဝယ်လိုအား မြင့်တက်ခြင်းနှင့် ပတ်သက်၍ ပြောရလျှင် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ တိုးပွားလာခြင်းနှင့်အတူ သူဌေးသူကြွယ်များလည်း တိုးပွားလာသည်။ Middle Class ဟုခေါ်သော အလယ်အလတ်တန်းလွှာများလည်း တိုးပွားလာ၏။ ဝယ်လိုနိုင်စွမ်း မြင့်မားလာခြင်းနှင့်အတူ ဝယ်လိုအား မြင့်မားလာသည်။ မည်သူမဆို ဘဝနေထိုင်မှုကို ပို၍ အဆင့်မြင့်လို၊ ပို၍ သက်သောင့်သက်သာ ရှိလိုကြသည်ချည်းသာဖြစ်၏။ သူဌေးသူကြွယ်များလာခြင်းက စိန်ရွှေရတနာကဲ့သို့သော ပစ္စည်းများ ဝယ်ယူမှု မြင့်တက်စေသည်။ လူလတ်တန်းလွှာများ များပြားလာခြင်းက မော်တော်ကားပိုင်ဆိုင်မှုများလာပြီး ရေနံစိမ်းနှင့် ဓာတ်ဆီစျေးနှုန်းများ မြင့်တက်လာစေနိုင်သည်။ လူဦးရေတိုးပွားလာခြင်းနှင့်အတူ အခြေခံစားသောက်ကုန် စျေးနှုန်းများ မြင့်မားလာမည်ဖြစ်သည်။

ရောင်းလိုအား ကျဆင်းခြင်းနှင့်ပတ်သက်၍ ပြောရလျှင် ၂၀၀၀ ပြည့်နှစ်မတိုင်မီ နှစ်များ၌ ကမ္ဘာ့ကုန်စျေးနှုန်းများသည် နှိုင်းရသဘောအရ နိမ့်ပါးသည်ဟု ဆိုနိုင်သည်။ သို့သော် ကမ္ဘာပေါ်မှနိုင်ငံများ စျေးကွက်စီးပွားရေးစနစ်ကို ပို၍ပို၍ ကျင့်သုံးလာကြပြီးနောက် ကုန်ပစ္စည်းဝယ်လိုအား မြင့်မားလာသည်။ ဝယ်လိုအား မြင့်မားလာမှုက ရောင်းလိုအားကို တိုး၍တိုး၍ တောင်းဆိုလာသည်။ လူများအား ကုန်ပစ္စည်းများ ပိုမိုထွက်ရှိအောင် တိုး၍ လှုံ့ဆော်လာသည်။ သို့သော် ကံမကောင်း အကြောင်းမလှစွာပင် အချို့သော ကုန်ပစ္စည်းများကိုတိုး၍ ထုတ်လုပ်နိုင်ရန် နှစ်အတန်ကြာ အချိန်ယူရသည်။ ရေတိုကာလတွင် ရောင်းလိုအားသည် တိုး၍တိုး၍လာသော ဝယ်လိုအားကို လိုက်မမီနိုင် ဖြစ်ရသည်။ ဤသို့နှင့် ကုန်စျေးနှုန်းများ မြင့်တက်လာသည်။

ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်၍ ပြောရလျှင် ငွေကြေးဖောင်းပွမှု ပထမအဆင့်အတွင်း ကုန်စျေးနှုန်း မြင့်တက်ခြင်းသည် ငွေကြေးထောက်ပံ့မှုနှင့် ချေးငွေစနစ်ကို ချဲ့ထွင်မှုကြောင့်ဖြစ်သည်။ ဒုတိယအဆင့်တွင် လူများသည် ၎င်းတို့၏လက်ထဲမှ ငွေကြေးများနောင်တွင် တန်ဖိုးကျဆင်းလာမည်ဟု စတင်ထင်မှတ်လာသောကြောင့် ငွေကြေးတန်ဖိုးသည် ငွေကြေးထောက်ပံ့မှု ချဲ့ထွင်မှုထက်ပို၍လျင်မြန်စွာ ကျဆင်းလာသည်။ ဤသို့နှင့်အရည်အသွေးတူ ကုန်ပစ္စည်းဝယ်ယူရန် ပို၍များသော ငွေကြေးများ လိုအပ်လာသည်။ ယင်းနောက် ငွေစက္ကူများ ပိုမိုရိုက်နှိပ်လာပြီး ငွေကြေးတန်ဖိုး ကျဆင်းလာကာ ကုန်စျေးနှုန်း ပို၍ပို၍ မြင့်တက်လာအောင် တွန်းပို့လိုက်သည်။

နိုင်ငံများ ပို၍ပို၍ စျေးကွက်စီးပွားရေးစနစ်သို့ ဝင်ရောက်လာသောအခါ ဘီလျံနှင့် ချီသော ပြည်သူများ ကုန်ပစ္စည်းစျေးကွက်သို့ ဝင်ရောက်လာသည်။ ထိုအခါ ကြိုတင်ခန့်မှန်း၍ မရသော ဝယ်လိုအား မြင့်တက်လာမှုက ရောင်းလိုအားကို ကျဆင်းသွားစေသည်။ ရောင်းလိုအားသည် ဝယ်လိုအားကို အမီမလိုက်နိုင်မချင်း ကုန်စျေးနှုန်း မြင့်တက်နေမည်သာ ဖြစ်သည်။ ငွေကြေးထောက်ပံ့မှုကို ချဲ့ထွင်သည့်အခါ (ငွေစက္ကူများ တိုး၍ ရိုက်သည့်အခါ) ငွေကြေးဖောင်းပွမှုကို ကာမိစေရန် နိုင်ငံခြားကုန်ပစ္စည်းတင်ပို့မှုကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ကုန်စျေးနှုန်း မြင့်တက်ခြင်းက လူမှုရေးနှင့် စီးပွားရေး အရေးပေါ်အခြေအနေထိ ရောက်ရှိလာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်ရှိနေမည်ဆိုပါက အဆင်းရဲဆုံးပြည်သူများကို အဆိုးရွားဆုံးထိခိုက်စေမည်ဖြစ်သည့်အပြင် အလယ်အလတ်ဝင်ငွေ ရှိသော အိမ်ထောင်စုများအပေါ်လည်း ကြီးမားသောသက်ရောက်မှုများ ရှိလာမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent