ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ဘီလာရုစ်နိုင်ငံသို့ သွားရောက်မည်

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ဘီလာရုစ်နိုင်ငံသို့ သွားရောက်မည်
Published 9 August 2022
Ref:Belta News

ဘီလာရုစ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးအသင်း (BelCCI)၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ်အတွင်း ဘီလာရုစ်နိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း မင့်စ်က်မြို့တွင် သြဂုတ် ၉ ရက်က ပြောကြားခဲ့သည်။

BelCCI ဥက္ကဋ္ဌ မီခေးမီယက်လီကော့ဗ်နှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးတို့ တွေ့ဆုံရာတွင် ယင်းကိစ္စကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ဆွေးနွေးရာတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး၌ ဘီလာရုစ်-မြန်မာပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေး အဆက်အသွယ်အရှိန်မြှင့်မည့် အလားအလာများ၊ ယခုနှစ်အတွင်း ဘီလာရုစ်သို့ မြန်မာစီးပွားရေး ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းအပါအဝင် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာပွဲများ ကျင်းပရန် အခွင့်အလမ်းများ ပါဝင်ကြောင်း သိရသည်။

ဘီလာရုစ်သည် ရုရှားနိုင်ငံ၏ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ရော့သည် သြဂုတ် ၃ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ယင်းကဲ့သို့ လာရောက်ရာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ၂၀၂၃ ခုနှစ်တွင် ၇၅ နှစ်ပြည်မြောက်တော့မည်ဖြစ်၍ စိန်ရတုအခမ်းအနားများ ကျင်းပနိုင်ရေး၊ ရုရှား-မြန်မာနှစ်နိုင်ငံသည် မိတ်ဆွေရင်းညီအစ်ကိုနိုင်ငံများ ဖြစ်သည့်အတွက် သံတမန်ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရုရှားနိုင်ငံ၌ မြန်မာကောင်စစ်ဝန်ရုံးနှစ်ခုအား ထပ်မံဖွင့်လှစ်သွားမည့်အခြေအနေများနှင့် မြန်မာနိုင်ငံတွင်လည်း ရုရှားကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အမြဲတမ်းမိတ်ဆွေနိုင်ငံ အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပစွက်ဖက်မှုများမပါဘဲ မိမိတို့အစိုးရများက စီမံဆောင်ရွက်နိုင်သည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်ရေး၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ အရပ်ဘက်၊ စစ်ဘက် ပညာတော်သင်များ ထပ်မံစေလွှတ်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့်ဒေသတွင်း ဆက်ဆံရေးအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။  

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြသည်။

Most Read

Most Recent