■ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးမှာ ငရဲခန်းမှ အလုပ်ဖြစ်ကြောင်း နည်းပြ တန်ဟက်ဂ် ဝန်ခံ

■ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးမှာ ငရဲခန်းမှ အလုပ်ဖြစ်ကြောင်း နည်းပြ တန်ဟက်ဂ် ဝန်ခံ
Photo : Twitter
Photo : Twitter
Published 9 August 2022

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က မိမိရယူထားသည့်တာဝန်မှာ ငရဲခန်းမှ အလုပ်တစ်ခုဖြစ်ကြောင်း ဘရိုက်တန်အသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် ဝန်ခံပြောကြားသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ်  တနင်္ဂနွေနေ့က ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်းမှာပင် (၁-၂) ဂိုးဖြင့် ရှုံးပွဲကြုံတွေ့ခဲ့သည်။

တန်ဟက်ဂ်အနေဖြင့် ရာသီကြိုခြေစမ်းပွဲ ခြောက်ပွဲတွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် ရရှိထားသော်လည်း ပြိုင်ပွဲအဆင့် ပထမဆုံးပွဲမှာပင် အိမ်ကွင်းရှုံးပွဲ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ၎င်းအနေဖြင့် ၂၀၁၄ ခုနှစ်က ဒတ်ချ်နည်းပြတစ်ဦးပင်ဖြစ်သည့် လူးဝစ်ဗန်ဟားလ်နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲဦးထွက်ရှုံးနိမ့်သည့် ပထမဆုံး မန်ယူအသင်းနည်းပြအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

''ဒါက ငရဲခန်းက အလုပ်တစ်ခုပါ။ ကျွန်တော်တို့ တကယ်ကို ကြိုးစားရပါမယ်။ ပြန်လှန်သုံးသပ်မှုတွေလုပ်ပြီးရင် ရှေ့ကိုဆက်သွားရမှာပါ။ ဒီနေ့မှာ တာထွက်ချိန်ကောင်းမွန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ယုံကြည်မှုအဆင့် ကျသွားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အမှားတွေလုပ်ခဲ့မိပြီး ပြိုင်ဘက်ရဲ့ အပြစ်ပေးခြင်းခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့ကလည်း ပြိုင်ဘက်ကောင်းတစ်သင်းပါ။ ကျွန်တော်တို့ အတူလက်တွဲပြီး ကောင်းကောင်းလုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အမှားလုပ်မိ တဲ့အချိန်မှာပဲ အပြစ်ပေးခံခဲ့ရတာပါ။ ဒီအခြေအနေမျိုး (ယုံကြည်မှု ပျောက်ဆုံးခြင်း) ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ပိုကောင်းအောင် လုပ်နိုင်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါက ရှင်းပါတယ်။ တိုးတက်မှုတွေက နေ့ချင်းညချင်းရောက်လာမှာ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ရာသီကြိုကာလမှာတုန်းက ကျွန်တော်တို့ကစားတာ ပိုကောင်းတယ်။ ဒီနေ့ပွဲ ပထမပိုင်းကတော့ ကျွန်တော်တို့အနေနဲ့ တကယ်ဆိုးရွားတဲ့ အခိုက်အတန့်မျိုး ရင်ဆိုင်ခဲ့ရပြီး အဲဒါကနေ သင်ခန်းစာယူရပါမယ်''ဟု တန်ဟက်ဂ်က ပြောကြားသည်။

Most Read

Most Recent