မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ကျေးရွာအနီးရှိ PDF စခန်းတစ်ခု၌  လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်းနှင့် ကျည်မျိုးစုံအပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ကျေးရွာအနီးရှိ PDF စခန်းတစ်ခု၌  လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်းနှင့် ကျည်မျိုးစုံအပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Published 2 August 2022

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ကျေးရွာအနီးရှိ PDF စခန်းတစ်ခု၌ လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်းနှင့် ကျည်မျိုးစုံအပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က  သြဂုတ် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ၌ စုဝေးရောက်ရှိနေသော PDF များအား သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်မှာ မြင်းမူမြို့နယ် လက်ပံကျင်း ကျေးရွာ၌ PDF များ စုဝေးရောက်ရှိကာ အစည်းအဝေးပြုလုပ်နေသည်ဟု သတင်းပေးပို့ခဲ့ကြောင်း၊ လက်ပံကျင်းကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးဆောင်ရွက်စဉ် ကျေးရွာအတွင်းမှ PDF များက စတင်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အဖွဲ့မှ အလောင်းငါးလောင်း၊ လက်လုပ်သေနတ်လေးလက်၊ လက်လုပ်လက်ပစ်ဗုံး လေးလုံး၊ ခဲယမ်းအချို့နှင့် လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက် အသေးစိတ်စစ်ဆေးခဲ့ရာ ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာ၌ PDF များ အခြေပြုနေထိုင်ခဲ့သည့် စခန်းတစ်ခုအား တွေ့ရှိခဲ့ရပြီး ၎င်းစခန်းအတွင်းမှ လက်လုပ်သေနတ် ၁၃ လက်၊ လက်လုပ်စိန်ပြောင်း လေးလက်၊ ကျည်မျိုးစုံ ၁၄၀၀ ၊ လက်ပစ်ဗုံးမျိုးစုံ ခုနစ်လုံး၊ ၄၀ မမဗုံးသီး နှစ်လုံး၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ ဒရုန်းယာဉ် တစ်စီး၊ လမ်းလျှောက်စကားပြောစက် ရှစ်လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် လေးစီး၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် အစီး ၃၀၊ လူနေတဲ ကိုးလုံး၊ စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၎င်းကျေးရွာအတွင်းမှ အမျိုးသား ၄၀၊ အမျိုးသမီး ၇၃ ဦးတို့ကို တွေ့ရှိထိန်းသိမ်းရမိခဲ့ကြောင်း၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာတွင်နေထိုင်လျက်ရှိကာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုမရှိသူများအား ပြန်လည်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ PDF များနှင့် ပါဝင်ပတ်သက်ဆက်နွယ်မှုရှိသူများအား ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာပတ်ဝန်းကျင်အား လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent