အကြမ်းမဖက်သည့် ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်နိုင်ကြောင်း သီရိလင်္ကာသမ္မတသစ် ပြောကြား

အကြမ်းမဖက်သည့် ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်နိုင်ကြောင်း သီရိလင်္ကာသမ္မတသစ် ပြောကြား
ဇူလိုင် ၂၃ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် သမ္မတရာနေးဝစ်ကရီမီဆင်းဟီအား ဆန့်ကျင်ဆန္ဒပြနေသည့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (Photo-AFP)
ဇူလိုင် ၂၃ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် သမ္မတရာနေးဝစ်ကရီမီဆင်းဟီအား ဆန့်ကျင်ဆန္ဒပြနေသည့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (Photo-AFP)
Published 25 July 2022
  Ref:Reuters

မြို့တော် ကိုလံဘိုအပါအဝင် နိုင်ငံအတွင်း၌ ၎င်း၏အစိုးရအပေါ် ဆန့်ကျင်သည့်အကြမ်းမဖက်သော ဆန္ဒပြမှုများ ပြုလုပ်ခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သီရိလင်္ကာသမ္မတသစ် ရာနေးဝစ်ကရီမီဆင်းဟီက ယခုသီတင်းပတ်ထဲတွင် သံတမန်များကို ပြောကြားခဲ့သည်ဟု သမ္မတရုံးက ဇူလိုင် ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၂ ရက် မနက်အရုဏ်တက်ချိန်မတိုင်မီတွင် ရာနှင့်ချီသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သမ္မတ၏ အတွင်းရေးမှူးချုပ်ရုံး အပြင်ဘက်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းကာ ဖြိုခွင်းခဲ့သည့်အတွက် မကြာသေးမီကမှ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ဝစ်ကရီမီဆင်းဟီအနေဖြင့် ဖိနှိပ်မှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

“အကြမ်းမဖက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီး သီရိလင်္ကာအစိုးရရဲ့ ကတိကဝတ်ကို ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ သမ္မတရာနေးဝစ်ကရီမီဆင်းဟီက ထပ်လောင်းအတည်ပြုခဲ့ပါတယ်” ဟု သီရိလင်္ကာသမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကိုလံဘိုအခြေစိုက် သံတမန်များနှင့် တွေ့ဆုံရာတွင် သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မှုမရှိဘူးဆိုရင် မြို့တွင်းမှာ အကြမ်းမဖက်ဆန္ဒပြပွဲတွေ ပြုလုပ်ခွင့်ပေးထာတဲ့ အစီအမံတွေနဲ့ပတ်သက်ပြီး သံတမန်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်” ဟုလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတသစ် ဝစ်ကရီမီဆင်းဟီ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် ဇူလိုင် ၂၂ ရက်အစောပိုင်းတွင် ကိုလံဘိုမြို့ရှိ သမ္မတရုံးအပြင်ဘက်တွင် ဆန္ဒပြသူများ၏ အဓိကသပိတ်စခန်းတစ်ခုကို စစ်သားများက ဝင်ရောက်စီးနင်းခဲ့ပြီး ဆန္ဒပြသူများကို လက်ကိုင်တုတ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းကို ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ၏ သံတမန်များက အသီးသီးရှုတ်ချခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် သီရိလင်္ကာအစိုးရကို တိုက်တွန်းခဲ့ကာ ယင်းကဲ့သို့ အင်အားအသုံးပြုခြင်းသည် မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံ၏ အခြေအနေကို ပိုဆိုးရွားစေလိမ့်မည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

တိုင်းပြည်စီးပွားရေးအပေါ် စီမံခန့်ခွဲပုံအမှားအယွင်းများကြောင့် လူထုဆန္ဒပြပွဲကြီးများ ပေါ်ပေါက်လာခြင်းနှင့်အတူ ယခင်သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုအရ ဝန်ကြီးချုပ်အဖြစ် သက်တမ်းခြောက်ကြိမ် တာဝန်ထမ်းဆောင်ခဲ့သည့် ရာနေးဝစ်ကရီမီဆင်းဟီသည် ဇူလိုင် ၂၁ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ နိုင်ငံခြားငွေကြေးပြတ်လပ်နေသည့်အတွက် ယမန်နှစ်နှောင်းပိုင်းမှစ၍ စားသောက်ကုန်၊ လောင်စာဆီနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ်လိုအပ်သော သွင်းကုန်များကို တင်သွင်းနိုင်ခြင်း မရှိတော့သဖြင့် ပြည်သူ ၂၂ သန်းသည် နေ့စဉ်နှင့်အမျှ ကြီးမားသော အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံသည် ဧပြီလလယ်ထဲတွင် ပြည်ပကြွေးမြီ ဒေါ်လာ ၅၁ ဘီလျံကိုပြန်ဆပ်နိုင်ခဲ့ခြင်း မရှိဘဲ ဘဏ္ဍာရေးအထောက်အပံ့များအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။                 

Most Read

Most Recent