ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများ နိုင်ငံတကာပြိုင်ပွဲကစားခွင့် ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်အတွက်အယူခံကို နိုင်ငံတကာအားကစားခုံရုံး(CAS)က ပယ်ချခဲ့သဖြင့် ဆွစ်ဇာလန်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဆက်လက်အယူခံဝင်မည်ဖြစ်ကြောင်း ရုရှားဘောလုံးအဖွဲ့ချုပ်(FUR)က ထုတ်ပြန်ခဲ့သည်။
ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲဆင်နွှဲမှုကြောင့် ရုရှားလက်ရွေးစင်အသင်းအပါအဝင် ကလပ်အသင်းများအား နိုင်ငံတကာ ပြိုင်ပွဲများယှဉ်ပြိုင်ခွင့် ပိတ်ပင်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် ဥရောပဘောလုံးအဖွဲ့ ချုပ်(UEFA)က ဖေဖော်ဝါရီ (၂၈)ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရုရှားအာဏာပိုင်များနှင့် FUR တို့က ယင်းပြစ်ဒဏ်အတွက် CAS ထံ အယူခံဝင်ထားပြီး လက်ရွေးစင်အသင်းများအတွက် အယူခံကို ဇူလိုင်(၅)ရက်နှင့် ကလပ်အသင်းများအတွက် အယူခံကို ဇူလိုင်(၁၁)ရက်တွင် ဗီဒီယိုဖြင့် ကြားနာစစ်ဆေးပြီးနောက် ပယ်ချခံခဲ့ရသည်။
သို့ဖြစ်ရာ FUR က အရပ်ဘက်တရားရုံးဖြစ်သည့် ဆွစ်ဇာလန်ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဆက်လက်အယူခံဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
FUR ၏အယူခံဝင်မှုနှင့်ပတ်သက်၍ CAS က ''ရုရှားနဲ့ ယူကရိန်းတို့အကြား ပဋိပက္ခတွေက ပိုမိုပြင်းထန်လာပြီး ကမ္ဘာတစ်ဝန်းက အစိုးရတွေနဲ့ ပြည်သူတွေက တုံ့ ပြန်မှုတွေ လုပ်နေကြသလို၊ FIFA နဲ့ UEFA တို့ကလည်း တုံ့ပြန်မှုလုပ်တဲ့အနေနဲ့ မကြုံစဖူးအခြေအနေကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ကော်မတီအနေနဲ့ သုံးသပ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရုရှားအသင်းတွေ၊ ကလပ်အသင်းတွေကို ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုသင့်ဘူးလို့ ဆုံးဖြတ်ပါတယ်။ အဖွဲ့အစည်းနှစ်ခုစလုံးက ၎င်းတို့ ရဲ့ သက်ဆိုင်ရာဥပဒေနဲ့ စည်းမျဉ်းတွေအရ ပေးအပ်ထားတဲ့ ဆုံးဖြတ်ခွင့်ဘောင်အတွင်းကနေ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ကော်မတီအနေနဲ့ မှတ်ယူပါတယ်'' ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
FUR ကမူ CAS ၏ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဆက်လက်အယူခံဝင်မည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာခဲ့သည်။
''CAS ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ CAS ကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် သုံးသပ်လေ့လာပြီးတော့ နောက်ထပ်လုပ်ဆောင်မယ့်အရာကို ဆုံးဖြတ်သွားမှာပါ။ ရွေးချယ်စရာတွေထဲမှာ ဆွစ်ဇာလန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံဝင်တာလည်း ပါဝင်ပါတယ်။ UEFA နဲ့ FIFA ရဲ့ အရေးယူမှုကြောင့် ဖြစ်ပေါ်လာတဲ့ FUR ရဲ့ ငွေကြေးဆုံးရှုံးမှုတွေအတွက် နစ်နာကြေးနဲ့ သက်ဆိုင်တဲ့ တိုင်ကြားစာကိုလည်း CAS ထံ တင်သွင်းသွားမှာပါ'' ဟု FUR က ထုတ်ပြန်သည်။















