အင်တာမီလန်အသင်းမှ ကမ်းလှမ်းမှုကို ဒီဘားလား လက်ခံဖွယ်ရှိနေပြီး ရိုးမားနည်းပြ မော်ရင်ဟိုနှင့်လည်း တိုက်ရိုက်စကားပြောခဲ့

အင်တာမီလန်အသင်းမှ ကမ်းလှမ်းမှုကို ဒီဘားလား လက်ခံဖွယ်ရှိနေပြီး ရိုးမားနည်းပြ မော်ရင်ဟိုနှင့်လည်း တိုက်ရိုက်စကားပြောခဲ့
Photo : Getty Images
Photo : Getty Images
Published 18 July 2022

ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလား၏အေးဂျင့်သည် အင်တာမီလန်အသင်းမှ တစ်နှစ်အသားတင်လစာ ယူရို(၆)သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံရန်အသင့်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

ထို့ပြင် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုကလည်း ဒီဘားလားအား သူ၏အသင်းသို့ လာရောက်ကစားရန် ဖုန်းဖြင့်ဆက်သွယ်ပြီး ပြောဆိုခဲ့ကြောင်း သိရသည်။

ရောမအခြေစိုက် Corriere dello Sport သတင်းစာက ရေးသားသည့်သတင်းတွင် ဒီဘားလား၏အေးဂျင့်ဖြစ်သူ ဟော်ဟဲအန်တွန်သည် အင်တာမီလန်အသင်းမှ ကမ်းလှမ်းမှုအပေါ် ကျေနပ်နေပြီး အပြောင်းအရွှေ့ အမြန်ဆုံးအပြီးသတ်ရန် အာရုံစိုက်နေကြောင်း ဖော်ပြထားခဲ့သည်။

ဒီဘားလားသည် ဂျူဗင်တပ်စ်နှင့် လမ်းခွဲတော့မည်ဟု ကြေညာချိန်ကတည်းက အင်တာမီလန်အသင်းနှင့် သတင်းထွက်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများလည်း ပြုလုပ်ခဲ့သည်။

သို့သော် အင်တာမီလန်အသင်းက အသားတင်တစ်နှစ်လစာ ယူရို(၅)သန်း၊ ပွဲကစားခွင့်ပေါ်မူတည်ပြီး ပေးချေမည့် ယူရို(၁)သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း အေးဂျင့် အန်တွန်က ငြင်းဆန်ခဲ့သောကြောင့် အပြောင်းအရွှေ့ မဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယင်းနောက်တွင် ချယ်လ်ဆီးမှ အသင်းတိုက်စစ်မှူးဟောင်း လူကာကူအား အငှားဖြင့် ပြန်လည်ခေါ်ယူပြီးနောက် ဒီဘားလားကို ကြိုးပမ်းသည့်သတင်းများမှာ အနည်းငယ်မှေးမှိန်သွားခဲ့သည်။

အင်တာနည်းပြ ဆီမြွန်နီအင်ဇာဂီကလည်း လက်ရှိတိုက်စစ်ပိုင်းကို ကျေနပ်အားရသည်ဟု မှတ်ချက်စကားများ ထွက်ရှိလာသဖြင့် အင်တာမီလန်အနေဖြင့် ဒီဘားလားအား ခေါ်ယူတော့မည်မဟုတ်ကြောင်း အီတလီမီဒီယာများက သုံးသပ်ခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် ဒီဘားလားသည် ပရီးမီးယားလိဂ်အသင်းအချို့နှင့်လည်း သတင်းထွက်ခဲ့ပြီး စီးရီးအေအသင်းများထဲတွင် နာပိုလီနှင့် ရိုးမားတို့က ထိပ်ဆုံးမှ ရေပန်းစားလာခဲ့သည်။

အီတလီသတင်းစာ La Stampa ၏ သတင်းတွင် မော်ရင်ဟိုသည် ဒီဘားလားအား ရိုးမားအသင်းတွင် လာရောက်ကစားရန်အတွက် တိုက်ရိုက်ဖုန်းခေါ်ပြီး သိမ်းသွင်းစည်းရုံးခဲ့သည်ဟု အတိအလင်းဖော်ပြခဲ့သည်။

ထို့ပြင် ရိုးမားအသင်းသည် ဒီဘားလားအား စိတ်ဝင်စားနေသည့် စီးရီးအေအသင်းများထဲတွင် လစာငွေအမြင့်ဆုံးပမာဏဖြင့် ကမ်းလှမ်းထားခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ရေးသားခဲ့သော်လည်း လစာငွေပမာဏအတိအကျ မပါရှိခဲ့ကြောင်း သိရသည်။

သို့သော် ရိုးမားအသင်းမှာ လာမည့်ရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ခွင့်ရှိသည့်အချက်မှာလည်း ပြိုင်ဘက် အင်တာမီလန်၊ နာပိုလီအသင်းများနှင့်ယှဉ်လျှင် တစ်ပန်းရှုံးနေသည်။

အင်တာမီလန်အသင်း အနေဖြင့် ဒီဘားလားကို ခေါ်ယူရန် ပိုမိုနီးစပ်နေသော်လည်း အလက်ဆစ်ဆန်းချက်ဇ် အသင်းမှထွက်ခွာပြီးမှသာ အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိသည်။

Most Read

Most Recent