ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
မန္တလေး-ပြင်ဦးလွင် လမ်းတွင် ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က ယာဉ် ၃ စီးတိုက်မှုကြောင့် လူသေဆုံးခြင်းနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ်၊ မိုင်တိုင်အမှတ် ၂၃ မိုင် ၁ ဖာလုံခန့်တွင် ပြင်ဦးလွင်မှ မန္တလေးသို့ ဆင်းလာသော နာနတ်သီးများတင်ဆောင်လာသည့် Canter (MDY 1G/---) ယာဉ်သည် ဘရိတ်ပေါက်ကာ ညာဘက်ရှိ (MDY 5G/---) Light Truck အဖြူရောင်ယာဉ် (ဘုရားဖူးယာဉ်) နှင့်တိုက်မိပြီး ၄င်းနှစ်စီးအား နောက်မှမောင်းနှင်လာသည့် ကွန်တိန်နာဘောက် (MDY 9K/---) ၁၂ ဘီး အဖြူရောင်ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ ထပ်ဆင့်တိုက်မိခြင်းကြောင့် Light Truck ယာဉ်ပေါ်မှ လူတစ်ဦး ညှပ်မိမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှ Canter (MDY 1G/---) ယာဉ်ပေါ်ပါ ၂ ဦးမှ အမျိုးသမီး ၁ ဦး ညာခြေပေါက်ပြဲ၊ ဝဲလက်ဖျံကျိုး(မစိုးရိမ်ရ)၊ ၊ LIGHT TRUCK (MDY 5G/---) ယာဉ်ပေါ်ပါ ၁၂ ဦးမှ ယာဉ်မောင်း အမျိုးသား( ညာခြေကျင်းဝတ်ကွဲ၊ ဘယ်မျက်လုံးပေါက်ထွက်၊ နှာခေါင်းပြတ်၊ ဘယ်ခြေပေါက်ပြဲ) (စိုးရိမ်ရ)၊ သံဃာတစ်ပါး နဖူးပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ၊ အမျိုးသမီးတစ်ဦး (ခါးဒဏ်ရာရရှိ)(မစိုးရိမ်ရ)၊ အမျိုးသမီးတစ်ဦး (သေဆုံး) ခဲ့ကြပြီး ကျန် ၈ ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိပါသည်။
အဆိုပါဖြစ်စဉ်သို့ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမြတ်သီဟ နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်ကာ သန္ဓေတပ်ဖွဲ့ဝင် (၁+၁၀) ဦးတို့မှ Foam မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမိုးဆွေနှင့် သန္ဓေတပ်ဖွဲ့ဝင် (၁+၁၀)ဦးတို့မှ SCR ISUZU မီးငြှိမ်းသတ်ယာဉ်တစ်စီး ၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဘုန်းနွယ်သွေး နှင့် သန္ဓေတပ်ဖွဲ့ဝင် (၁+၄) ဦးတို့မှ Canter မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ စုစုပေါင်း သန္ဓေ ၄၇ ဦးနှင့် မီးသတ်ယာဉ် ၃ စီး တို့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။