၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ကို ဇွန် ၂၅ ရက်မှစ၍ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင် ၁၀ သင်းစလုံး နိုင်ငံခြားသားနည်းပြများ ခေါ်ယူခြင်းမရှိဘဲ ပြည်တွင်းနည်းပြများကိုသာ တာဝန်ပေးအပ်ထားကြောင်း သိရသည်။
၂၀၂၂ MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အပါအဝင် ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်၊ ရတနာပုံ၊ ရခိုင်၊ အား/ကာ သိပ္ပံ၊ မြဝတီ၊ မဟာယူနိုက်တက်နှင့် GFA အသင်းတို့ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း၏ နည်းပြချုပ်များအဖြစ် ရှမ်းယူနိုက်တက်အသင်းကို ဦးဟန်ဝင်းအောင်၊ ဟံသာဝတီအသင်းကို ဦးမျိုးမင်းထွန်း၊ ဧရာဝတီအသင်းကို ဦးမျိုးလှိုင်ဝင်း၊ ရန်ကုန်အသင်းကို ဦးမင်းထွန်းလင်း၊ ရခိုင်အသင်းကို ဦးစိုး သိန်း၊ မဟာယူနိုက်တက်အသင်းကို ဦးဇော်လင်းထွန်း၊ အား/ကာသိပ္ပံအသင်းကို ဦးချစ်နိုင်၊ ရတနာပုံအသင်းကို ဦးအောင်ကျော်မိုး၊ GFA အသင်းကို ဦးဘုန်းနိုင်၊ မြဝတီအသင်းကို ဦးမောင်မောင်အေးတို့က ကိုင်တွယ်နေသည်။
ယခုရာသီ ပြိုင်ပွဲဝင် ၁၀ သင်းတွင် နောက်ဆုံးကျင်းပသည့် ၂၀၂၀ ရာသီ MNL ပြိုင်ပွဲ၌ ရာသီကုန်ချိန်အထိ ယှဉ်ပြိုင်ခဲ့သော အသင်းများအနက် ရှစ်သင်းပြန်လည်ပါဝင်လာပြီး သုံးသင်းသာ နည်းပြအပြောင်းအလဲ ပြုလုပ်ထားကာ ကျန်ငါးသင်းမှာမူ ယခင် နည်းပြချုပ်များသာ ဆက်လက်တာဝန်ယူကိုင်တွယ်ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် MNL နှစ်ရာသီဆက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည့် ဦးအောင်နိုင်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ပေးကာ လက်ထောက်နည်းပြ ဦးဟန်ဝင်းအောင်ကို နည်းပြချုပ်အဖြစ် တာဝန်ပေးခန့်အပ်ထားခြင်းဖြစ်သည်။ ထို့ပြင် ရခိုင်ယူနိုက်တက်အသင်းက ဦးသန်းဝေနေရာတွင် ဦးစိုးသိန်း၊ အား/ကာ သိပ္ပံအသင်းက ဦးအောင်နေဦးနေရာတွင် ဦးချစ်နိုင်တို့ကို ပြောင်းလဲခန့်အပ်ခဲ့ပြီး ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်၊ မဟာယူနိုက်တက်နှင့် ရတနာပုံအသင်းတို့မှာမူ နည်းပြပြောင်းလဲထားခြင်းမရှိပေ။
၂၀၀၉ ခုနှစ်က စတင်သည့် MNL ပြိုင်ပွဲတွင် ပြိုင်ပွဲစတင်သည့်အချိန်ကတည်းက နိုင်ငံခြားသားနည်းပြ ခေါ်ယူသည့် အသင်းများရှိခဲ့ပြီး ယခုနောက်ပိုင်းနှစ်များမှသာ ပြည်တွင်းနည်းပြအများအပြား နေရာရလာခြင်းဖြစ်သည်။ ၂၀၁၉ ရာသီတွင် ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်အသင်းအားလုံး ပြည်တွင်းနည်းပြများကိုသာ တာဝန်ပေးခဲ့ပြီး သုံးရာသီဆက်တိုက် ပြည်တွင်းနည်းပြများသာ ကိုင်တွယ်ခွင့်ရရှိခြင်းဖြစ်သည်။
MNL အမှတ်ပေးချန်ပီယံဆုကို ယခင်က နိုင်ငံခြားသားနည်းပြများသာ ရယူနိုင်ခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ရာသီတွင် ဦးခင်မောင်တင့်က ရတနာပုံ အသင်းကို ချန်ပီယံဆုရယူပေးနိုင်ခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲ ၁၂ ကြိမ် တွင် ချန်ပီယံဆုကို နိုင်ငံခြားသားနည်းပြများက ခုနစ်ကြိမ်နှင့် ပြည်တွင်းနည်းပြများက ငါးကြိမ် ရယူထားသည်။
ပြည်တွင်းနည်းပြများအနက် ၂၀၁၄ ရာသီတွင် ရတနာပုံအသင်းကို ဦးခင်မောင်တင့်၊ ၂၀၁၇ ရာသီ တွင် ရှမ်းယူနိုက်တက်အသင်းကို ဦးစိုးမြတ် မင်း၊ ၂၀၁၈ ရာသီတွင် ရန်ကုန်အသင်းကို ဦးမျိုးမင်းထွန်း၊ ၂၀၁၉ နှင့် ၂၀၂၀ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းကို ဦးအောင်နိုင်တို့က MNL အမှတ်ပေးချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ MNL ပြိုင်ပွဲသက်တမ်းတစ်လျှောက် ချန်ပီယံဆုကို ရန်ကုန်၊ ရတနာပုံနှင့် ရှမ်းယူနိုက်တက်စသည့် သုံးသင်းသာ ဆွတ်ခူးရယူထားနိုင်ကြောင်း သိရသည်။















