မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၉)ကို ဓါးပြတိုက်ခဲ့သည့် အဖွဲ့ခေါင်းဆောင်အား ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အသေဖမ်းမိကာ ၎င်းအပါအဝင်ခုနစ်ဦးကို ဖမ်းဆီးရမိ

မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၉)ကို ဓါးပြတိုက်ခဲ့သည့် အဖွဲ့ခေါင်းဆောင်အား ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အသေဖမ်းမိကာ ၎င်းအပါအဝင်ခုနစ်ဦးကို ဖမ်းဆီးရမိ
Published 27 June 2022

မန္တလေးမြို့ ကမ္ဘောဇဘဏ်ခွဲ(၉)အား ဓါးပြတိုက်ခဲ့သည့် အဖွဲ့ခေါင်းဆောင်အား ဖမ်းဆီးစဉ် ပြန်လှန်ပစ်ခတ်မှုဖြစ်ပွားပြီး အသေဖမ်းမိကာ ၎င်းအပါအဝင်ခုနစ်ဦး ဖမ်းဆီးရမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (၉)သို့ ဝင်ရောက်၍ ဘဏ်ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် ၄၄၉ သိန်းအား ဓါးပြတိုက်ယူဆောင်သွားမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဓါးပြတိုက်သွားသူများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၂ ရက်တွင် ညောင်ဦးမြို့၊ သာယာဝတီရပ်၊ အမှတ်(၁)ရပ်ကွက်၌ ဘဏ်ဓါးပြတိုက်မှု ကျူးလွန်ခဲ့သည့် ကောင်းခန့်နောင်၊ သန်းထွန်းဇော်၊ မျိုးမင်းသန့်၊ ပပလင်း၊ သ ဉ္ဇာလင်းနှင့် လဲ့လဲ့ဝေတို့ ခြောက်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

ထိုသို့ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ သန်းထွန်းဇော်၊ ကောင်းခန့်နောင်၊ ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်တို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ခရိုင်၊ ကနီမြို့နယ်ရှိ ကနီ PDF အဖွဲ့တွင် ဖောက်ခွဲရေး သင်တန်း တစ်လတက်ရောက်ခဲ့ပြီး ရတနာပုံတော်လှန်ရေး အဖွဲ့အား ဆရာစွမ်း(ခ) ထက်ရှိုင်းဇော်မှ ခေါင်းဆောင်၍ အင်အား ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင်ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ (၉)သို့ ရတနာပုံတော်လှန်ရေးအဖွဲ့မှ ဆရာစွမ်း(ခ)ထက်ရှိုင်းဇော် ခေါင်းဆောင်၍ ကောင်းခန့်နောင်နှင့် သန်းထွန်းဇော်တို့ အပါအဝင်ခြောက်ဦးမှ ပစ္စတိုနှစ်လက်ဖြင့်ဝင်ရောက်၍ ငွေကျပ် ၄၄၉ သိန်းအား ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်သည် ညောင်ဦးမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရာမှ မန္တလေးမြို့သို့ ပြန်လည် ရောက်ရှိနေကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့နောက် ဆရာစွမ်း(ခ) ထက်ရှိုင်းဇော်အား ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇွန် ၂၅ ရက်တွင် မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ Lotteria ကြက်ကြော်ဆိုင်၌ ဆရာစွမ်း(ခ) ထက်ရှိုင်းဇော်အား တွေ့ရှိ သဖြင့် ဖမ်းဆီးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ထွက်ပြေးသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်အား Glock အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ်၂ ခု၊ ၉မမ ကျည် ၁၉ တောင့်တို့နှင့်အတူ အသေ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

Most Read

Most Recent