ဒေါ်​အောင်ဆန်းစုကြည် MAI ​လေယာဉ် စင်းလုံးငှားသည့်ကိစ္စ အဂတိလိုက်စားမှု ရှိ  မရှိ စိစစ်သွားမည်ဟု နစက ​ပြော​ရေး​ဆိုခွင့်ရှိသူ ​ပြောကြား

ဒေါ်​အောင်ဆန်းစုကြည် MAI ​လေယာဉ် စင်းလုံးငှားသည့်ကိစ္စ အဂတိလိုက်စားမှု ရှိ  မရှိ စိစစ်သွားမည်ဟု နစက ​ပြော​ရေး​ဆိုခွင့်ရှိသူ ​ပြောကြား
Published 16 June 2022

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ လူနာမေးသွား​​ရာတွင် MAI လေယာဉ် စင်းလုံးငှားသည့်ကိစ္စ အဂတိလိုက်စားမှု ရှိ၊ မရှိ စိစစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇွန် ၁၆ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံကို ၎င်း၏မိတ်ဆွေ တစ်ယောက်၏ဇနီး နေမကောင်း၍ ဆေးရုံတတ်ခြင်းကို လေယာဉ်ပျံ စင်းလုံးငှားကာ အသွားအပြန် သွားခဲ့ကြောင်း၊ ယင်းကိစ္စတွင် နိုင်ငံတော်ပိုက်ဆံနှင့် သုံးခဲ့သလား၊ ၎င်းအိတ်ကပ်ထဲက နိုဘယ်လ်ဆုရထားသည် ပိုက်ဆံများ သုံးခဲ့သလား၊ နိုင်ငံတော်ဘတ်ဂျက်နှင့် သုံးခဲ့သည်ဆိုပါက  အဂတိလိုက်စားမှု မြောက်၊ မမြောက် ဖြေကြားပေးပါရန် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒါကတော့ ဘန်ကောက်မှာ သူ့မိတ်ဆွေ ဇနီးတစ်ယောက် ဆေးရုံတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး MAI လေယာဉ် အသွားအပြန် စင်းလုံးငှား အသုံးပြုခဲ့တယ်ဆိုတာကတော့ မှန်ပါတယ်။ ဘာနဲ့ ဘယ်လို အသုံးပြုခဲ့တယ်ဆိုတာတော့ အဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အထောက်အထားရယ်၊ သုံးစွဲမှုဖြစ်စဉ်ပေါ့၊ အဲတာတွေကိုတော့ ကျွန်တော်တို့ အ​​သေးစိတ် အခြေခံပြီးတော့ စိစစ်သုံးသပ်ပြီးရင်တော့ အဂတိလိုက်စားမှု ရှိ၊ မရှိ ဆိုတာ သိရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေနဲ့လည်း ဒီမှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကိုယ်စားလှယ်​​တွေလည်း ပါပါတယ်၊ ဒါနဲ့ပတ်သက်ပြီး မှတ်သားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခုနကပြောသလို သွားခဲ့တာတော့ မှန်တယ်၊ ဘယ်လို သွားခဲ့တယ်ဆိုတဲ့ဟာပေါ့၊ အကြောင်းအရာတွေကို အ​​သေးစိတ် ဆက်လက်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနှင့်လည်း ပြဌာန်းဥပဒေတွင်ပါဝင်သော ပုဒ်မ ၃(က)(၂)၌ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်များရှိပြီး ယင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်အညီ စိစစ်သုံးသပ်သွားမည်ဖြစ်ကြောင်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။

ဦးကျော်စိုးက " အဲ့ဒီ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အတိုင်းပဲ ​​မေးတဲ့ မေးခွန်းနဲ့အညီ ကျွန်တော်တို့ စိစစ်သုံးသပ်မယ်၊ အကြောင်းအရာ အချက်အလက်တွေ ဒါမျိုးတွေ ကြည့်ပြီးတော့မှ ချိန်ညှိပြီးတော့မှ ဒါသည် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအတိုင်း အဂတိလိုက်စားမှု မြောက်သလား၊ မမြောက်သလားဆိုတာကို စိစစ်သွားရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ သတင်းထောက်ကြီး မေးတဲ့ မေးခွန်းအ​​ပေါ်မှာတော့ မြောက်၊ မမြောက်ဆိုတာတော့ ဖြေကြားဖို့တော့ ခက်ပါတယ်။ စိစစ်သုံးသပ်ရမယ့် အနေအထား ဖြစ်ပါတယ်" ဟု ပြောကြားသည်။

လက်ရှိတွင် ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၂)နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီ ၂၇ ရက် ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ငါးနှစ်ကျခံရန် အပြီးသတ်အမိန့်ကို ဇမ္ဗူသီရိ အထူးတရားရုံးက ချမှတ်ထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများ အပါအဝင် အမှုပေါင်း ၁၂ မှုခန့်အား တတရားရင်ဆိုင်နေရပြီး စစ်ဆေးပြီးပြတ်သွားသည့်အမှုများအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent