မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား အဂတိဖြင့် စွဲဆိုထားသည့်အမှုများ အပြီးသတ်လျှောက်လဲချက်ပေးမည့် အဆင့်သို့ ရောက်ရှိ 

 မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား အဂတိဖြင့် စွဲဆိုထားသည့်အမှုများ အပြီးသတ်လျှောက်လဲချက်ပေးမည့် အဆင့်သို့ ရောက်ရှိ 
Published 13 June 2022

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်‌ဟောင်း ဒေါက်တာဇော်မြင့်မောင်အား အဂတိလိုက်စားမှုဖြင့်စွဲဆိုထားသည့် အမှုများအားလုံးအပြီးသတ်လျှောက်လဲချက်ပေးမည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သဖြင့် မကြာခင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

ဇွန်လ ၁၄ရက်နေ့တွင် ရုံးချိန်းရှိရာ ထိုနေ့တွင် အမှုသုံးခုအတွက် နှစ်ဖက်လျှောက်လဲချက် ပေးကြမည်ဖြစ်ကြောင်း သိရသည်။ 

" စွဲဆိုထားတဲ့ ငါးမှုမှာ နှစ်မှုက လျှောက်လဲချက်ပေးပြီးသွားပြီ။ မနက်ဖန်(ဇွန်၁၄ရက်)ရုံးချိန်မှာ ကျန်တဲ့သုံးမှုအတွက် လျှောက်လဲချက်ပေးပြီးရင် အမိန့်ချဖို့ပဲ ကျန်တော့တယ်။အမှုတွေပြီးပြတ်သလောက်ဖြစ်သွားပြီ"ဟု 

အမှုနှင့်ပတ်သက်ပြီး နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။ 

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်‌ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် မေလအတွင်းက  ပြင်ပဆေးရုံတွင် မျက်လုံးခွဲစိတ်မှုပြုလုပ်ခဲ့ရကြောင်းလည်း သိရပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု စုံစမ်းသိရသည်။

ဒေါက်တာဇော်မြင့်မောင်အား အဂတိလိုက်စားမှုတိုက်ဖျက်‌‌ရေးပုဒ်မများဖြင့် အမှု၅မှု၊ ဦးဇာနည်အောင်အား ၂မှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး အိုးဘိုအကျဉ်းထောင်တွင် အထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂နှစ်၊ သဘာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅၊/၃ဝကတို့အတွက် ထောင်ဒဏ်၂ နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ်ကျခံရစေရန် အောင်မြေသာစံမြို့နယ်တရားရုံးက အမိန့်ချမှတ်ထားသည်။

Most Read

Most Recent