နစက ဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

နစက ဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
နစကဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးစဉ် (Photo : TDA(Telegram))
နစကဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးစဉ် (Photo : TDA(Telegram))
Published 4 June 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) (မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၄ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမတွင် ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာနိုင်မှသာလျှင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆောင်ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ရပ်တန့်နေ၍မရဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည် ဖြစ်သည့် အခြေအနေများ၊ မိမိတို့အနေဖြင့် တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။

ထို့အတူအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့  NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့်အဖွဲ့ဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏နိုင်ငံရေး ဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်းငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရန် အမြော်အမြင်ကြီးစွာ ကမ်းလှမ်းခဲ့မှုအပေါ် NDAA (မိုင်းလား)အဖွဲ့မှကြိုဆိုသည့် အခြေအနေများ၊ NDAA (မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာထိန်းသိမ်းလိုက်နာလျက်ရှိသည့်အခြေအနေများနှင့် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်တည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောတူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ကြောင်း သိရသည်။ ထို့အတူ ငြိမ်းချမ်းဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက် အမြင်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ နစကဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်သည့်ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ် ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့တက်ရောက်ပြီး မိုင်းလားအဖွဲ့ မှ ဒုတိယဥက္ကဋ္ဌဦးစန်းပေ့နှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂)ဦးအားလူ၊ ဆက်ဆံရေးနှင့်ဆက်သွယ်ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းလား ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နစကမှဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

နစကဥက္ကဋ္ဌ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၃ ရက်တွင်  နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာသည့် မိုင်းလားအဖွဲ့သည် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် တွေ့ဆုံဆွေးနွေးမည်ဟု အကြောင်းပြန်ထားသည့် အဖွဲ့များအနက် ပဥ္စမမြောက် ရောက်ရှိလာသည့်အဖွဲ့ဖြစ်သည်။

Most Read

Most Recent