ကရင်ပြည်နယ် ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂)၌ ယနေ့(ဇွန် ၃ ရက်) ညနေပိုင်းတွင် ဓားပြတိုက်ခံရပြီး နာရီပိုင်းအကြာအတွင် ဓားပြတိုက်ရာတွင်ပါဝင်သူများအနက် သုံးဦးအား ဘဏ်မှလုယက်သွားသည့် ငွေကျပ်သိန်း ၁၂၀၀ ကျော်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
နစက၏ သတင်းထုတ်ပြန်ချက်အရ PDF အဖွဲ့မှ ယာဉ်မောင်း သီဟ မောင်းနှင်၍ မောင်မောင်ဦး၊ ကျော်ကျော်၊ ကိုကြက်နှင့် ကုလားတို့ လိုက်ပါလာသည့် Honda odessy အမျိုးအစား မော်တော်ယာဉ်သည် ယနေ့ ညနေ ၃ နာရီခန့်တွင် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ရေကျော်လမ်းရှိ CB ဘဏ်ခွဲ(၂)သို့ ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ လက်နက်ဖြင့်ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေကျပ်သိန်း ၁၂၅၄ သိန်းကို ယူဆောင်သွားခဲ့ကြောင်းသိရသည်။
ထို့နောက် ဓားပြတိုက်သူများသည် ဘားအံ-မြိုင်ကြီးငူ လမ်းကြောင်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့ရာ ကြို့ချောင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်သို့ရောက်ရှိစဉ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရန်ရပ်တန့်စေခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ခြောက်လှန့်ပစ်ခတ်စဉ် PDF များ၏ မော်တော်ယာဉ်မှာ လမ်းဘေးရှိ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ PDF များက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်မောင်းဖြစ်သူ သီဟအား အသေဖမ်းဆီးရမိကာ မောင်မောင်ဦးနှင့် ကျော်ကျော် တို့ကို Glock ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည်ငါးတောင့်၊ ဖုန်းတစ်လုံး၊ ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ငွေကျပ် ၁၂၅၄ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး PDF နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သံလွင်လမ်း၊ အိမ်အမှတ် (၇၇)နေ မောင်မောင်ဦး(၂၆)နှစ်သည် လူမှုကွန်ရက်တွင် ခင်မင်ခဲ့သည့် မနှင်းဆိုသူ အမျိုးသမီးနှင့် ချိတ်ဆက်၍ ကရ် ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်ကျေးရွာသို့ လွန်ခဲ့သည့် သုံးလခန့်ကရောက်ရှိကာ ယင်းကျေးရွာရှိ CDM လှုပ်ရှားသူများနှင့်အတူ နေထိုင်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ နေထိုင်စဉ် ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် သီဟ ဆိုသူက ဆက်သွယ်လာပြီး အလုပ်လုပ်မည်ဟု ပြောဆိုကာ သီဟအပါအဝင် အမျိုးသားလေးဦးက ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် Honda Odessy အမျိုးအစား မော်တော် ယာဉ်ဖြင့် ကျေးရွာမုခ်ဦးသို့ လာရောက်ခေါ်ဆောင်၍ ထွက်ခွာခဲ့ရာ ဘားအံမြို့သို့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ ၄င်းနောက် CB Bank အား ဓားပြတိုက်ပြီး ထွက်ပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိသူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၅ လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ ကျော်ကျော် (၂၁) နှစ်မှာ ယခင်က စားသောက်ဆိုင်များတွင် လိုက်လံသီချင်းသီဆို လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် CDM ပြုလုပ်ထားသည့် ကျောင်း ဆရာမဖြစ်သူ မစု ဆိုသူနှင့်ခင်မင်ခဲ့ပြီး ၄င်း၏ချိတ်ဆက်ပေးမှုကြောင့် ရှမ်းရွာသစ် ကျေးရွာသို့ ရောက်ရှိ၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ ရောက်ရှိစဉ် ယခင်က ခင်မင်ခဲ့ဖူးသည့် ဘားအံမြို့နေ ထက်မြက်ဆိုသူ၏ ချိတ်ဆက်ပေးမှုဖြင့် ယခု ဘဏ်ဓားပြတိုက် မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ထွက်ပြေးလွတ် မြောက်သွားသူ နှစ်ဦးမှာ ရှမ်းရွာသစ်တွင် နေထိုင်လျက်ရှိသူ PDF များဖြစ်သည့် ကိုကြက်နှင့် ကုလားတို့ဖြစ်ကြောင်းသိရသည်။















