ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီ အပါအဝင် သေဒဏ်ချမှတ်ခံရသူ လေးဦး၏ အယူခံ တင်သွင်းခြင်းများကို ပယ်ချ၍ သေဒဏ်အား အတည်ပြုခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီ အပါအဝင် သေဒဏ်ချမှတ်ခံရသူ လေးဦး၏ အယူခံ တင်သွင်းခြင်းများကို ပယ်ချ၍ သေဒဏ်အား အတည်ပြုခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 3 June 2022

NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်)ကိုဂျင်မီ အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ လေးဦး၏ အယူခံတင်သွင်းခြင်း များကို ပယ်ချ၍သေဒဏ်အား အတည်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အထက်ပါ သေဒဏ်ချမှတ်ခံထားရသူ လေးဦးအား သေဒဏ်ချမှတ်လိုက်ပြီဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက“လေးယောက်ကို သေဒဏ်ကို အတည်ပြုလိုက်ပြီ။ ကျန်တာက တော့ အကျဉ်းထောင်ရဲ့လုပ်ထုံးလုပ်နည်းအတိုင်းပဲဆက်လုပ်လိမ့်မယ်။ အကျဉ်းထောင် စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆက်လုပ်လိမ့်မယ်။ သေဒဏ်ကို အတည်ပြုလိုက်ပြီဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က The Daily Eleven သတင်းစာကို ပြောကြားသည်။

ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီတို့နှင့် အတူ သေဒဏ်အတည်ပြုလိုက်သူ နှစ်ဦးမှာ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ အောင်မေတ္တာလမ်းတွင် နေထိုင် သည့် အမျိုးသမီးတစ်ဦးအား ဖမ်းချုပ်သွားပြီး နှိပ်စက်ခြင်းနှင့် ဓားဖြင့် မသေမချင်း ထိုးသတ် ခြင်းကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)အရ သေဒဏ်ကျခံရန် အမိန့်ချ မှတ်ထားသော လှမျိုးအောင်(ခေါ်) ဝက်ကြီး နှင့် အောင်သူရဇော်(ခေါ်)ကတုံး(ခေါ်)သူရတို့ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်ထွန်းက ပြောကြားသည်။

“အရင်တုန်းက ဖြိုးဇေယျာသော်နဲ့ ကျော်မင်းယု(ခေါ်)ဂျင်မီ တို့ကို သေဒဏ် အမိန့်ချမှတ်ခဲ့တာ သတင်းထုတ်ပြန်ခဲ့တယ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ကတည်းက သေဒဏ် အမိန့်ချပြီးပြီ။ သေဒဏ်အမိန့်ချခြင်း၊ မချ ခြင်းက အရေးမကြီးဘူး။ သေဒဏ်နဲ့ထိုက်တဲ့ လူကိုသေဒဏ်အမိန့်ချတယ်။ သို့သော် သေ ဒဏ်တကယ်ပေး၊ မပေးကပဲ အရေးကြီးတာ။ သေဒဏ်အမိန့်ချတယ်၊ အမိန့်ချပြီးရင် သူက ပြင်ဆင်မှုတက်ရတယ်။ သူ့ရဲ့တရားဥပဒေ လုပ်ထုံးအရ ပြင်ဆင်တက်တယ်။ ပြင်ဆင်မှုတက်လို့ ပယ်ချလိုက်တယ်ဆိုရင် အသနားခံစာ တင်ရတယ်။ အသနားခံစာတင်တဲ့အထဲမှာ ယခင်တုန်းကအမှုတွေက ဘယ်လိုမျိုး လုပ် ထားတုန်းဆိုတော့ သေဒဏ်မပေးဘူးဆိုတာ အမိန့်ချပြီးမပေးဘူးဆိုတာ အဲဒီအသနား ခံစာတင်တဲ့ အမှုမှာပဲအသနားခံစာကို ယူ ထားပြီးဘာမှမလုပ်ဘူး။ ဆိုင်းငံ့ဆိုပြီးပဲ လုပ်ထားလိုက်တာ။ သို့သော် အသနားခံ စာမှာ အသနားခံစာကိုပလပ်လိုက်ပြီ၊ သေဒဏ် အတည်ပြုခြင်းကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရန်အတည်ပြုသည်လို့ ရေးလိုက် ပြီဆိုရင် ဒီကောင်ကို သေဒဏ် မဖြစ်မနေကို ပေးတော့မှာ။ ဒါပဲ။ အခုက အဲတိုင်းပဲ။ နောက် ဘယ်နေ့ ကြိုးပေးမလဲ၊ ဘယ်ဟိုဟာဖြစ်မလဲ၊ အဲတာက အကျဉ်းထောင် လက်စွဲနဲ့ပဲ ဆိုင် သွားပြီ။ အကျဉ်းထောင်လက်စွဲမှာ ဒီကောင် ကို ကြိုးတိုက်ထဲထည့်၊ ထည့်ပြီးရင် ဆေးစစ်ရ တာတွေ၊ ပြီးရင် ဘယ်နေ့မှာ ဟိုဟာပြုမယ် ဆိုတာတွေလုပ်ရတယ်။ လုပ်ပြီးရင် သူက တော့ အမြန်ဆုံးသူ့လုပ်ထုံးလုပ်နည်းနဲ့ အညီ ပဲဆောင်ရွက်မှာပေါ့” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သေဒဏ်ချမှတ်ခံရသည့်ဦးဖြိုးဇေယျာသော်(ခေါ်)မောင်ကျော်ကို နိုဝင်ဘာ ၁၈ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာ၌ Sigsauer အမျိုးအစား ပစ္စတို နှစ်လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ်တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များအရ ရန်ကုန်မြို့အတွင်း ၎င်းငှားရမ်းပေးထားသည့် နေရာ ၂၁ ခုမှ နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့ရာ လက်နက်ငယ် ၉၃ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၀၆ ခု၊ ခဲယမ်းမျိုးစုံ ၁၃၉၄၂ တောင့်၊ ၄၀ မမ ဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၁ လုံး၊  TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C-4 ယမ်း ၉ တောင့်၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ မှန်မြောင်း တစ်လက်၊ ဂြိုလ်တုဖုန်း ၁၃ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ဦးကျော်မင်းယု(ခေါ်)ကိုဂျင်မီကို ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ်(၂၇)ရပ်ကွက် ပင်လုံအိမ်ရာ၊ အမှတ်-၁၀၉ နေအိမ်တွင် AK-47 ခြောက်လက်၊ M-16 ၁၈ လက် အပါအဝင် လုပ်သေနတ် တစ်လက်၊ ကျည်အိမ်များနှင့် လက်နက်ခဲယမ်းများ နှင့်ပအတူဖမ်းဆီးရမိခဲ့ပြီး လက်နက်များသိုလှောင်ထားခြင်းကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ခြင်း၊ ဖောက်ခွဲဖျက်စီးမှု၊ တိုက်ခိုင်မှုများတွင် ပါဝင်ကူညီ၊ ကြံရာပါအဖြစ် ဆောင်ရွက်ခြင်းနှင့် အကြံပေးအဖြစ် ဆောင်ရွက်ခြင်းများကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)၊ အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)တို့ဖြင့် သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။

 

Most Read

Most Recent