ပါလီမန်စနစ်နှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

ပါလီမန်စနစ်နှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
Published 29 May 2022
ရဲကျော်စွာ

လွှတ်တော်တို့၏အမည်များ

နိုင်ငံများတွင် လွှတ်တော်များကို မတူညီသော အမည်များဖြင့် ခေါ်ဆိုကြသည် ။

ဗြိတိန်နိုင်ငံနှင့် ဗြိတိန်ပုံစံ ဝက် စမင်စတာ နိုင်ငံရေးစနစ်ကို ကျင့်သုံးသော နိုင်ငံများနှင့် အခြားနိုင်ငံများစွာတွင် လွှတ်တော်များကို “ပါလီမန်” (Parliament) ဟု ခေါ်ဆို ကြသည်။

၁၇၇၆ ခုနှစ်တွင် အမျိုးသားလွတ်လပ်ရေးစစ်ပွဲကို စတင်ဆင်နွှဲခဲ့သော အမေရိကန်ပြည်ထောင်စုတွင် ပြည်ထောင်စု ဥပဒေပြုလွှတ်တော်ကို “ ကွန်ဂရက်” (Congress) ဟု ခေါ်ဆိုသည်။

၁၇၈၉ တော်လှန်ရေးကို ဆင်နွှဲခဲ့သော ပြင်သစ်နိုင်ငံတွင် “နိုင်ငံလုံးဆိုင်ရာလွှတ်တော် ( ၀ါ ) အမျိုးသား လွှတ်တော်”  ကို  “ အမျိုးသားညီလာခံ” (National Assembly) ဟု ခေါ်ဆိုသည်။

၁၉၁၇ မဟာအောက်တိုဘာ ဗော်လ်ရှီဗစ်တော်လှန်ရေး အပြီးတွင် အလုပ်သမားနှင့် လယ်သမားတို့၏ ပထမဆုံး လွတ်မြောက်နိုင်ငံ ဖြစ်လာခဲ့သော ဆိုဗီယက်ပြည်ထောင်စုတွင် လွှတ်တော်အဖွဲ့အစည်း အဆင့်ဆင့်ကို “ဆိုဗီယက်ကွန်ဂရက်”  (Soviet Congress) များ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းခဲ့သည်။

ဆိုဗီယက် ပြည်ထောင်စုက သူတို့၏ လွှတ်တော်ကို အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုသော အမည်ကို ရွေးချယ်ရာတွင် ဗြိတိန်ကဲ့သို့ ပါလီမန် အမည်နှင့် ပြင်သစ်ကဲ့သို့ “ညီလာခံ” (Assembly) နှစ်ခုစလုံးကို မရွေးချယ်ခဲ့ဘဲ အမေရိကန်ပြည်ထောင်စုက အသုံးပြုနေသော “ကွန်ဂရက်” (Congress) ဟုသော ဝေါ ဟာရကိုသာ ရွေးချယ်ခဲ့သည်။

၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီက ဆိုရှယ်လစ်စနစ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်ထူထောင်ရာတွင်လည်း လွှတ်တော် အဖွဲ့အစည်း အဆင့်ဆင့်ကို “ ပြည်သူ့ကွန်ဂရက်”  (People’s Congress) များ အဖြစ် အဆင့်လိုက် ဖွဲ့စည်းခဲ့သည်။ ဗဟိုအဆင့်တွင် “နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ( ၀ါ ) အမျိုးသား ပြည်သူ့ ကွန်ဂရက်}} (National People Congress) ဟု အမည်သတ်မှတ်ထားသည်။

ပထမစစ်အေးခေတ်အတွင်း အင်အားအကြီးဆုံး ကွန်မြူနစ်နိုင်ငံနှစ်ခုဖြစ်သော ဆိုဗီယက်ပြည်ထောင်စုနှင့် ဆိုရှယ်လစ် တရုတ်ပြည်နှစ်ခုစလုံး၏ လွှတ်တော်များ၏ အမည်များကို အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုရာတွင် ဗြိတိန်အမည်ပေး စနစ်နှင့် ပြင်သစ်အမည်ပေးစနစ် နှစ်ခုနောက်ကို မလိုက်ဘဲ အမေရိကန်အမည်ပေးစနစ်ကို လိုက်လံ အသုံးပြုခဲ့သည်မှာ ထူးခြားချက်တစ်ခုဖြစ်သည်။

အမေရိကန်က ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောလွှတ်တော်များကို “ခရိုင်”  (County) အဆင့်အထိ ဖွဲ့စည်းထားသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ခရိုင်တစ်ခုလျှင် ခရိုင် လွှတ်တော်တစ်ခုစီရှိသည်။ အမေရိကန် အမည်ပေးစနစ်တွင် “ခရိုင်များ” ကို ဗြိတိသျှ အမည်ပေးစနစ် ကဲ့သို့ “ဒီစတြိတ်” (District) ဟု မခေါ်ဆိုဘဲ “ကောင်တီ” (County) ဟုသာ ခေါ်ဆိုသည်။

တရုတ် ဖွဲ့စည်းပုံစနစ်တွင် လွှတ်တော် အဆင့်ဆင့်ဖြစ်သော “ပြည်သူ့ ကွန်ဂရက်များ” အဆင့်ဆင့်ကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဖွဲ့စည်းထားသည်။ ကျေးရွာ ပြည်သူ့ ကွန်ဂရက်၊ ကျေးရွာအုပ်စု ပြည်သူ့ ကွန်ဂရက်၊ တိုက်နယ် ပြည်သူ့ ကွန်ဂရက်၊ မြို့နယ် ပြည်သူ့ကွန်ဂရက်၊ ခရိုင်ပြည်သူ့ကွန်ဂရက်၊ ပြည်နယ် ပြည်သူ့ကွန်ဂရက်များကို အဆင့်တိုင်းတွင် ဖွဲ့စည်းထားသည်။

 

ပါလီမန်စနစ်၏ အားသာချက်များ

နိုင်ငံရေးစနစ်တိုင်း၊ ဖွဲ့စည်းပုံ စနစ်တိုင်းတွင် မတူညီသော အားသာချက်အမျိုးမျိုးနှင့် အားနည်းချက် အမျိုးမျိုး ရှိနေတတ်သည်။ ယင်းကဲ့သို့ စနစ်တိုင်း၏ မတူညီသော အားသာချက်များနှင့် အားနည်းချက်များကို မျှတစွာနှင့် ရှုထောင့်စုံလင်စွာ ဆင်ခြင်သိဖြင့် သုံးသပ်တွက်ချက်နိုင်မှသာလျှင် အကျိုးအကြောင်း ဆီလျော်သော တွေးခေါ်မှု အလေ့အထကို ကျင့်သုံးနိုင်မည် ဖြစ်သည်။

အကောင်းနှင့် အားသာချက် တစ်ခုမှမရှိသော စနစ်ဟူ၍ တကယ် မရှိသကဲ့သို့  အဆိုးသို့မဟုတ် အား နည်းချက် တစ်ခုမှမရှိသော စနစ်ဟူ၍လည်း ယခုအချိန်အထိ ကမ္ဘာဂြိုဟ်ပေါ်တွင် မပေါ်ပေါက်သေးပါ။

ပါလီမန်စနစ် ခေါ် လွှတ်တော်စနစ်တွင် အားသာချက်များစွာ ရှိသည်။ ရွေးကောက်ခံထားရသော ပြည်သူ့ကိုယ်စားလှယ်များက ပိုအဆင့်မြင့်သော အုပ်ချုပ်ရေးနှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများကို  ထပ်ဆင့်ရွေးကောက်တင်မြှောက်ပေးရသောကြောင့် ဆန်ကာ နှစ်ထပ် စစ်ထားသကဲ့သို့ပင် ကောင်းမွန်နေ သည်။

ပြည်သူများက သမ္မတကို တိုက်ရိုက်ရွေးကောက်တင်မြှောက်သောစနစ်မျိုးတွင် စိတ်လှုပ်ရှား ခံစားမှုများဖြင့် အများကြိုက်ပေါ်ပြူလစ်တစ်ဦး သို့မဟုတ် နီယိုနာဇီတစ်ဦး သို့မဟုတ် နီယိုဖက်ဆစ်တစ်ဦးကို နိုင်ငံသားများ၏ အများစုမဲဖြင့် မှားယွင်းစွာ သမ္မတတင်မိခြင်း မဖြစ်ပါဟု တကယ်တမ်းတွင် ဘယ်သူမှ အာမခံချက် မပေးနိုင်ပါ။

လွှတ်တော်စနစ်၏ အားသာချက် နောက်တစ်ခုမှာ မတူညီသော အမျိုးအစားများ၏ ကျယ်ပြန့်သော ကိုယ်စားပြုမှုများကို တံခါးဖွင့်ပေးနိုင်ခြင်း ဖြစ်သည်။

လွှတ်တော် ရွေးကောက်ပွဲစနစ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ထုံးများကို သမိုင်းခေတ်များ အလျောက် ပိုမိုကောင်းမွန် အဆင့်မြင့် တက်လာစေရန် ပြုပြင်ပြောင်းလဲသွားနိုင်လျှင် ဘာသာရေး လူနည်းစုများ၊ လူမျိုးရေး လူနည်းစုများ၊ ၀ါဒရေးရာ အတိုက်အခံများ၏ ကျယ်ပြန့်သော ကိုယ်စားပြုမှုများကို လွှတ်တော်အတွင်း ရောက်ရှိစေရန်ဆောင် ကြဉ်းပေးနိုင်သည်။

လွှတ်တော်ဆိုင်ရာ ရွေးကောက် ပွဲစနစ်များ ဖွံ့ဖြိုးတိုးတက် အဆင့်မြင့်လာခြင်းနှင့်အတူ “အများစု ထောက်ခံမှုဖြင့် အုပ်ချုပ်မှုစနစ်”  ဖြစ်သော ဒီမိုကရေစီစနစ်မှသည် “အရည်အချင်း မြင့်မားသူများက အရည်အချင်းအလိုက် အုပ်ချုပ်မှုစနစ်” ဖြစ်သော “အရည်အချင်းအခြေပြု အုပ်စိုးမှုစနစ်” (Meritocracy) သို့ တစ်ဆင့်ချင်း ဆင့်ကဲပြု ပြင်ပြောင်းလဲလာစေရန် ပိုမိုလွယ်ကူလာစေသည်။

 

မှူးမတ်လွှတ်တော်နှင့် မြန်မာ

မြန်မာနိုင်ငံတွင် ပါလီမန်အစိုးရစနစ် သို့မဟုတ် “မှူးမတ်လွှတ်တော်”  (House of Aristocrats) က နိုင်ငံကို ထိန်းချုပ်ထားပြီး ဘုရင်ကို စည်းမျဉ်းခံ ဂုဏ်ထူးဆောင်ဘုရင်အဖြစ်သာ ထားရှိလိုသော ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတစ်ခုကို ၁၈၇၈ ခုနှစ် ဝန်းကျင်တွင် ကင်းဝန်မင်းကြီးနှင့် တိုင်တားမင်းကြီးတို့ ဦးဆောင်သော ထိပ် တန်းမှူးမတ်များက ကြိုးစားခဲ့ကြသည်။

ယင်းကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ရပြီး မင်းညီ၊ မင်းသား၊ မင်းသမီးများစွာကို မတရားသဖြင့် ရက် စက်ကြမ်းကြုတ်စွာ သတ်ဖြတ်အာဏာလုခဲ့သော နန်းတွင်းအရေးအခင်း တစ်ခုအဖြစ်သာ အများပြည်သူ ရှေ့တွင် ပုံဖော်ခံခဲ့ရသည်။

မြန်မာပြည်သူ အများစု၏ ဘုရင် ကိုးကွယ်မှုဓလေ့ အလွန်အားကောင်းနေချိန်တွင် လက်တွေ့မကျသော အရာများကို စိတ်ကူးစံများဖြင့် ကြိုးပမ်းမိခဲ့သော ကင်းဝန်မင်းကြီးနှင့် တိုင်တားမင်းကြီး နှစ်ဦးစလုံး၏ ပုံရိပ်များသည်လည်း နှောင်းခေတ် မြန်မာတို့၏ ပါးစပ်ရာဇဝင်များအတွင်း ရုပ်ပျက်ဆင်းပျက် အ မည်ပျက်ခဲ့ရသည်။

မြန်မာတို့၏ စန်းဇာတာများသည် “စည်းမျဉ်းခံဘုရင်စနစ်” (Constitutional Monarchy) နှင့် တွဲဖက်ထားသော “မှူးမတ်လွှတ်တော်စနစ်” (Aristocratic Parliamentary System)နှင့် လွဲချော်ခဲ့ရသည်ဟု ဆိုနိုင်သည်။

မှူးမတ်လွှတ်တော် စနစ်သည် “သက်ဦးဆံပိုင် ဧကရာဇ်စနစ်” (Autocratic Monarchy) ထက် များစွာ အဆင့်ပိုမြင့်ပြီး အင်္ဂလန်ကျွန်းကို ကမ္ဘာ့အကြီးမားဆုံး နေမဝင် အင်ပါယာဖြစ်သော ဗြိတိသျှ အင်ပါယာ၏ ဗဟိုဌာနချုပ်အဖြစ် ပြောင်းလဲ သွားအောင် ဆွဲတင်ပေးနိုင်ခဲ့သော အလွန်အားကောင်းသော စနစ်တစ် ခု ဖြစ်သည်။

 

ပါလီမန်ဒီမိုကရေစီနှင့် မြန်မာ

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံသစ်ကို ပါလီမန် ဒီမိုကရေစီစနစ်ဖြင့် စတင်ထူထောင်ခဲ့သည်။

အမြင်ကျယ်သော ဗြိတိသျှ အလုပ်သမားပါတီ အစိုးရ၏ အိန္ဒိယ တိုက်ငယ်နှင့် မြန်မာပြည်ထောင်စုကို လွတ်လပ်ရေးပေးရန် အစီအစဉ်ကို မကျေနိုင်မချမ်းနိုင်ဖြစ်နေခဲ့ကြသော ဗြိတိသျှကိုလိုနီ ဗျူရိုကရေစီ စက်ယန္တရားအတွင်း စစ်ဘက်၊ နယ်ဘက်အရာရှိများ၏ ပူးပေါင်းကြံစည်မှုများနှင့် သွေးထိုး၊ လှုံ့ဆော်၊ ထောက် ပံ့ပေးမှုများကြောင့် မြန်မာပြည်ထောင်စုတစ်ဝန်းတွင် လူမျိုးစု ခွဲထွက်ရေး စစ်ပွဲများ နေရာအနှံ့ ဖြစ်ပွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြည်မမှ နိုင်ငံရေးသမား အချင်းချင်း “အာဏာ နိုင်ငံရေး ပြိုင်ဘက်”  (Rival in the Power Politics) ကို လက်ဦးမှုယူ၊ မညှာစတမ်း အပြုတ်ဖြိုလှဲသော လုပ်ရပ်များကြောင့် ၀ါဒရေးရာအ ခြေပြုသော ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများပါ နေရာအနှံ့ကျယ်ပြန့် လောင်ကျွမ်းလာခဲ့သည်။

လွတ်လပ်ရေးရခါစ “အရပ်ဘက် ပါလီမန် ဒီမိုကရေစီစနစ်” (Civilian Parliamentary Democratic System) ကို ပြဋ္ဌာန်းထားသော မြန်မာပြည်ထောင်စု၏ နေရာအနှံ့တွင် စစ်မှုရေးရာတာဝန်များကို ထမ်းဆောင်ရင်းဖြင့် (ထိုခေတ်က တရားဝင် အမည်အရ ) “ဗမာ့တပ်မတော်”  (Burma Army) သည် လျင်မြန်စွာ အင်အားကြီးထွားလာကာ စစ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ပြည့်စုံတိုးတက်လာခဲ့သည်။

အရပ်ဘက် ပါလီမန် ဒီမိုကရေစီစနစ်သည်လည်း မြန်မာတို့၏ စန်းဇာတာများနှင့် ထပ်မံလွဲချော်ခဲ့ရသည်။

နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုများ ပြင်းထန်မြင့်တက်လာနေသော ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များအတွင်း သက်ဆိုင်ရာ နိုင်ငံအလိုက် ကွန်မြူနစ်များ အာဏာရ မလာစေရန် အခိုင်မာဆုံးတားဆီး ပေးနိုင်မည့် အင်အားစုများနှင့် “အာဏာ အင်စတီကျူးရှင်းများ” (Power Institutions) ကို နိုင်ငံများအလိုက် မတူညီသော “နိုင်ငံတကာ အာဏာစံအိမ်များ” (International Power) က မတူညီသော ရည်ရွယ် ချက်များဖြင့် အသီးသီး ရှာဖွေချဉ်း ကပ်ကြရာတွင် မြန်မာအပါအဝင် နိုင်ငံများစွာတွင် ပြင်းထန်လှသော အာဏာတိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း ဖဆပလ အဖွဲ့ချုပ် နှစ်ခြမ်းကွဲသွားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ ပေါ်လာသည်။ ၁၉၆၂ ခုနှစ်တွင် ဗမာ့တပ်မတော်ခေါင်းဆောင်များ က နိုင်ငံတော် အာဏာအရပ်ရပ်ကို လွှဲပြောင်းသိမ်းယူခဲ့ပြီး အရပ်ဘက် ပါလီမန် ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်စေခဲ့သည်။

 

အမျိုးသားညီလာခံနှင့် မူကြမ်းနှစ်ခု

၁၉၉၃ ခုနှစ်တွင် နဝတ အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲရေးအတွက်  “အမျိုးသား ညီလာခံ” (National Convention) အစည်းအဝေးများ စတင်ခေါ်ယူခဲ့သည်။

ထူးခြားချက်တစ်ခုမှာ ယင်းအမျိုးသားညီလာခံ အစည်းအဝေးများအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ဦး အောင်ရွှေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ (BSPP) မှ အမည်ပြောင်းလဲလာခဲ့သော “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ” (NUP) နှစ်ခုစလုံးက အခြေခံမူများ ချမှတ်ရေးတွင် ပါတီစုံဒီမိုကရေစီ စနစ်ကို အခြေခံသော “ပါလီမန် ဒီမိုကရေစီ စနစ်” (Parliamentary Democratic System) ကိုသာလျှင် ထူးထူးခြားခြား တူညီစွာအဆို တင်သွင်းခဲ့ကြသည်။

ထူးခြားချက် နောက်တစ်ခုမှာ ထိုအချိန်က နဝတအစိုးရ ခေါင်းဆောင်များက “သမ္မတ ရွေးကောက်ပွဲများကို လွှတ်တော်ရွေးကောက်ပွဲများနှင့် ခွဲခြားပြီး သီးခြားကျင်းပသော “သမ္မတ ဦးဆောင်သောစနစ်” Presidential System) ကိုသာ ထောက်ခံနေခဲ့ကြသည်။ နိုင်ငံပိုင် နေ့စဉ် သတင်းစာများတွင် “သမ္မတ ဦးဆောင်သော စနစ်” ကသာလျှင် ပိုမိုသာလွန်ကောင်းမွန်ကြောင်းကို စည်းရုံးသော အထူးဆောင်းပါးများကို အခန်းဆက် နေ့စဉ်ဖော်ပြပေးနေခဲ့သည်။

နောက်ဆုံးတွင်မူ ညီလာခံတွင် ပါဝင်နေသော အရပ်သား ပညာရှင်များနှင့် အရပ်ဘက် အရာရှိကြီးများ၏ ကြားဝင်စေ့စပ်မှုဖြင့် နိုင်ငံရေးပါတီများက တင်သွင်းထားသော “လွှတ်တော် စနစ်” (Parliamentary System) နှင့် တပ်မတော်ခေါင်းဆောင်များက ထောက်ခံနေသော “သမ္မတစနစ်” (Presidential System) နှစ်ခုကို ပေါင်းစပ်ထားသော ကြားစနစ် (Hybrid System) ဖြစ်သော ယခုကျင့်သုံးနေသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ အစုအဖွဲ့ သုံးရပ်က သမ္မတနှင့်  ဒုတိယသမ္မတ နှစ်ဦးကို အဆင့်လိုက် လျှို့ဝှက်မဲဖြင့် ရွေးချယ်တင်မြှောက်သော “လွှတ်တော် တစ်ပိုင်း သမ္မတတစ်ပိုင်း ပေါင်းစပ်စနစ်” (Half- Parliamentary and Half Presidential Hybrid System) အသစ်ကို ဒီဇိုင်းရေးဆွဲ ပေါ်ပေါက်လာစေခဲ့သည်။

ထိုအမျိုးသားညီလာခံမှ ပေါ်ထွက်လာသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် ကျမှသာ စတင်ကျင်းပနိုင်ခဲ့သည်။

ထို့နောက် USDP အစိုးရက နိုင်ငံကို ငါးနှစ်ကြာအုပ်ချုပ်လိုက်ရသည်။ NLD အစိုးရကလည်း ငါး နှစ်ကြာသည်အထိ အုပ်ချုပ်လိုက်ရသည် ။

မြန်မာတို့အတွက် “လွှတ်တော် သမ္မတပေါင်းစပ်စနစ်” (Hybrid Parliamentary Presidential System) က ဆက်လက် ရှင်သန်နေမည့် အရိပ်လက္ခဏာများ ပေါ်ထွက်နေသည်။

 

ပြည်နယ်/တိုင်းလွှတ်တော်များ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ထူးခြားချက် နောက်တစ်ခုမှာ ၁၉၄၇ နှင့် ၁၉၇၄ အခြေခံဥပ ဒေများတွင် မပါဝင်ခဲ့သော ပြည်နယ်လွှတ်တော်များနှင့် တိုင်းလွှတ်တော်များ ပါဝင်လာခြင်း ဖြစ်သည်။

လတ်တလောအားဖြင့် ပြည်နယ်နှင့် တိုင်း ၁၄ ခု အတွက် လွှတ်တော် ၁၄ ခု ရှိနေသည် ။ နောင်တွင် ပြည်နယ် သို့မဟုတ် တိုင်းများ အရည်အတွက် တိုးလာပါက ပြည်နယ်/တိုင်းလွှတ်တော်များ အရည် အတွက်သည်လည်း တိုးလာမည် ဖြစ်သည်။

လတ်တလော အခြေအနေများအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင် ပြောင်းလဲပြီး ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များကို သမ္မတက မခန့်အပ်တော့ဘဲ သက်ဆိုင်ရာ ပြည်နယ်/တိုင်း လွှတ်တော် များက လျှို့ဝှက်မဲဖြင့် တိုက်ရိုက်ရွေး ကောက်တင်မြှောက်သော စနစ်ကို ပြောင်းလဲကျင့်သုံးလိုက်မည်ဆို လျှင် ပြည်နယ်/တိုင်းအဆင့်၏ နယ်ဘက်ဌာနများ အုပ်ချုပ်ရေးသည်  “ဒေသကြီး လွှတ်တော်အခြေပြု ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်”  (Regional Parliamentary Autonomy) အဆင့်သို့ ပြောင်းလဲတိုးတက်သွားမည် ဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းလွှတ်တော်များက ဒေသအလိုက် ပြဋ္ဌာန်းခွင့်ရှိသော “ပြည်နယ်/တိုင်း ဥပဒေပြုစာရင်း” ကိုလည်း ဆက်လက်တိုးချဲ့သွားမည်ဟု သတင်းများ ကြားသိနေရသောကြောင့် ပိုမို၍ လုပ်ပိုင်ခွင့် ကျယ်ပြန့်လာမည့် ပြည်နယ်/တိုင်း လွှတ်တော် အသစ်များသည် မိမိတို့ လွှတ်တော်များက ရွေးကောက်တင်မြှောက်လိုက်သော ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များကို ထိန်းကျောင်းရာတွင် ပိုမိုလွယ်ကူ လာမည့် အလားအလာအချို့လည်း ဖြစ်ပေါ်နေသည်။

သို့သော်လည်း မည်သည့်အရာမဆို သတိတော့ထားဖို့ လိုအပ်နေသည်။ ကင်းဝန်မင်းကြီး ဦးကောင်း ခေတ်မှသည် ယနေ့ခေတ်အထိ မြန်မာတို့သည် မိမိတို့ နှစ်သက်နေသော ပါလီမန်စနစ် ခေါ် လွှတ်တော် စနစ် ကို မိမိရရ ကြာရှည်ခံစားခွင့်များ မရခဲ့ကြသေးပါ။              

 

Most Read

Most Recent