ကော့ကရိတ်မြို့နယ် တံတားကျိုးရွာတွင် မေ ၂၇ ရက်နံနက်က ဓာတ်လိုက်ပြီး လုပ်သား တစ်ဦးကာ သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တံတားကျိုးရွာတွင် လျှပ်စစ်ဓာတ်လိုက် ပြီး လူထိခိုက်မှုရှိကြောင်း သတင်းအရ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကော့ကရိတ်) က သွားရောက်ပြီး ကော့ကရိတ်ခရိုင် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်လိုက်ခံရသူလူနာလေးဦးတွင် တစ် ဦးသေဆုံးပြီး ပေါင်ရိုးကျိုးလူနာတစ်ဦး၊ ခြေ ထောက်အပူလောင်သူတစ်ဦး၊ ခြေဖဝါးပြတ်ရှ ဒဏ်ရာရသူတစ်ဦးတို့ ဖြစ်ကြောင်း ကော့က ရိတ်မြို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက “မနေ့ညနေပိုင်းက မိုးလေကြီးလို့ တံတားကျိုးရွာက ၁၁ လိုင်းကြိုးပေါ် ကို ကျွန်းပင်နဲ့ မဲဇလီအကိုင်းတွေ ကျိုးကျပြီး ဓာတ်ကြိုးတွေက လမ်းမပေါ်ကျနေတာမို့ မ နေ့ည ၆ နာရီကတည်းက အမှတ် (၆) ရပ်ကွက် မွေးမြူရေးဇုန် (၂)အောက်ဆီဂျင်စက်ရုံအနီး ထရန်စဖော်မာက မိန်းချထားခဲ့တာ။ လေ တိုက်ပြီး၂၃၁ တပ်နဲ့ GE တပ်ရှေ့ဘက်က ပိတောက်ကိုင်းတွေလည်း ကျိုးကျနေတာမို့ ဒီနေ့မနက်ပိုင်းမှာ လုပ်သားတွေက ဓာတ်ကြိုး တွေကို တိုင်ပေါ်ပြန်တင်နေကြတုန်းမှာ လျှပ် စစ်ဝင်လာပြီး ရှော့ခ်ဖြစ်သွားတာတဲ့” ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကြောင့် အောက်ဆီဂျင် စက်ရုံအနီးရှိ ထရန်စဖော်မာမှ မိန်းကို EPC တာဝန်ရှိသူများက သွားကြည့်ရာ မိန်းမှာ ခွာလျက် အနေအထားတွင်ပင် တွေ့ရှိသည့်အတွက် အကြောင်းရင်းအမှန်သိရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာရဲတပ် ဖွဲ့နှင့် လျှပ်စစ်ဌာနမှတာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















