မေ ၂၃ ရက်မှ ၂၉ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာ ကျပ် ၅၅၀၀ ဖြစ်ပြီး စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားခြင်းများပြုလုပ်ပါက အရေးယူမည်

မေ ၂၃ ရက်မှ ၂၉ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာ ကျပ် ၅၅၀၀ ဖြစ်ပြီး စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားခြင်းများပြုလုပ်ပါက အရေးယူမည်
Published 24 May 2022

မေ ၂၃ ရက်မှ ၂၉ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာ ကျပ် ၅၅၀၀ ဖြစ်ပြီး စားအုန်းဆီစျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ စျေးကစားခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့်  FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီ ပြည်ပတင်ပို့ခွင့်ပြန်လည်ခွင့်ပြုလိုက်ပြီး ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စားအုန်းဆီစျေး ယခင်အပတ်ထက် ကျဆင်းလာခဲ့သည်။ 

တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB စျေးနှုန်းများအပေါ် အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂  ခုနှစ် မေ ၂၃ ရက်မှ ၂၉ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်  ၅၅၀၀ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင်ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါအခြေခံလက်ကားရည်ညွှန်း စျေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ဝက်ဘ်ဆိုက် www.doca.gvo.mm နှင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ပြည်တွင်းစားအုန်းဆီသိုလှောင်ကန်များ၌ စားအုန်းဆီလက်ကျန် ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီလ နောက်ဆုံးပတ်အတွင်းက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ စျေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ကမ္ဘာ့စားအုန်းဆီစျေးနှုန်းများ ဖြစ်ပေါ်မှုကို အခြေခံ၍ တွက်ချက်ရရှိသည့် ရည်ညွှန်းလက်ကားစျေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ဧပြီ ၂၅ ရက်မှ မေ ၁ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်စျေး တစ်ပိဿာ လက်ကားရည်ညွှန်းစျေးနှုန်း ကျပ် ၅၆၂၀ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းစားအုန်းဆီ သိုလှောင်ကန်များ၌ လက်ရှိစားအုန်းဆီလက်ကျန် ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်းနှင့် အနယ်နယ်အရပ်ရပ်သို့ နေ့စဉ်ပုံမှန်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ပြည်ပမှ စားအုန်းဆီသင်္ဘောများလည်း ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒဆိုင်ရာသတင်းများကို ချဲ့ကား၍ ကောလာဟလသတင်းများ ထုတ်လွှင့်နေမှုအပေါ် စားသုံးသူပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်းနှင့် ပြည်တွင်း၌ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်းစားအုန်းဆီစျေးကွက် တည်ငြိမ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူရရှိရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent