ပင်လယ်ရေမျက်နှာပြင် ၂၈၀၆ ပေအထက်က လားရှိုးမြို့

ပင်လယ်ရေမျက်နှာပြင် ၂၈၀၆ ပေအထက်က လားရှိုးမြို့
​​​​​​​လားရှိုးမြို့မြင်ကွင်း
​​​​​​​လားရှိုးမြို့မြင်ကွင်း
Published 23 May 2022
ထွန်းနေလှိုင် (နောင်ပိန်)

(၁) ဒီမြို့ကလေးဆီ မြေပြန့်ကနေ လာချင်ရင် တောင်လှေကားမြို့တော် သို့မဟုတ် ပန်းမြို့တော်လို့ ခေါ်တွင်ကြတဲ့ ပြင်ဦးလွင်မြို့ကို ဖြတ်သန်းလာရပါတယ်။ ကမ္ဘာကျော်ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းလမ်းကို ဖြတ်လာရပါတယ်။ နိုင်ငံကျော်အဆိုတော် ရုပ်ရှင်မင်းသားကြီး ဝင်းဦး၏ နာမည်ကျော် ဇာတ်ကား တစ်ကားဖြစ်တဲ့ “ကျောက်မဲအကျဉ်းသား” ဇာတ်ကားရိုက်ကူးခဲ့ရာ ကျောက်မဲမြို့နဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်လာလေ့ရှိတဲ့ သီပေါမြို့လေးကိုလည်း ဖြတ်သန်းလာရပါတယ်။

မြို့မဝင်ခင် ရှစ်မိုင်ခန့်အလိုမှာတော့ မိုင်းရယ်၊ တန့်ယန်းမြို့များဆီသို့သွားတဲ့ လမ်းခွဲလေးကို တွေ့မြင်နိုင်ပါတယ်။ ထိုမှတစ်ဆင့် သံလွင်မြစ်ကို ဖြတ်ကူးထားတဲ့ တာကော် အက်တံတားကို ဖြတ်သန်းပြီး”၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့ဆီကိုလည်း ခရီးနှင်နိုင်ပါတယ်။ ဒါမှမဟုတ် မိုင်းရယ်၊ တန့်ယန်းမြို့များမှတစ်ဆင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လှပလွန်းလှတဲ့ ဟိုက်ပါရေ တံခွန်နဲ့ မိုင်းရှူးရတနာမြေကိုလည်း သွားရောက်နိုင်ပါသေးတယ်။

ဤသို့ဤနှယ် အထင်ကရမြို့များစွာကို ဖြတ်သန်းပြီး ထင်ရှားလွန်းလှတဲ့ မြို့များကို ပါသွားရောက်နိုင်တဲ့ မြို့လေးတစ်မြို့ဖြစ်တဲ့ လားရှိုးမြို့ကို ရောက်ရှိနိုင်ပါတယ်။

လားရှိုးမြို့မှတစ်ဆင့် သိန္နီ၊ကွတ်ခိုင်နဲ့ တရုတ်နိုင်ငံနယ်စပ်မြို့များဖြစ်တဲ့ မူဆယ်၊ နမ့်ခမ်းမြို့များ၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော် နဲ့ လောက်ကိုင်မြို့များ၊ ကမ္ဘာကျော်သတ္တု တွင်းကြီးရှိရာ နမ္မတူ၊ ဘော်တွင်းနဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော မန်တုံ နဲ့ နမ့်ဆန်မြို့များဆီကိုလည်း သွားရောက်နိုင်ပါတယ်။

ဤမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၈၀၆ ပေအထက်မှာ တည်ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။

လားရှိုးမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၃၆ မိနစ် ၅၃ စက္ကန့်နှင့် ၂၃ ဒီဂရီ၄ မိနစ်၂၇ စက္ကန့်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၁ မိနစ် ၁ဝစက္ကန့်နဲ့  ၉၈  ဒီဂရီ ၃၃ မိနစ် ၄၈ စက္ကန့်ကြားမှာ တည်ရှိပြီး အကျယ် အဝန်းမှာ ၁၆၃၃ ဒသမ ၄၀၆၂၅ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ အရှေ့မှ အနောက်သို့ ၆၁ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၄ မိုင် ရှည်လျားပါတယ်။

လားရှိုးမြို့သည် ဒေသခံရှမ်းသက်ကြီးရွယ်အိုတို့၏စကားများအရ လားရှိုးကြီးကို လွယ်ရိုးဟူ၍ ဒေသခံများက ခေါ်ဝေါ်ကြပါ တယ်။ လားရှိုးမြို့၏ မူလကနဦးနေရာသည် ယခုလားရှိုးကြီးဟုခေါ်သောနေရာ ဖြစ်ပါတယ်။ ထိုအချိန်က လားရှိုးကြီးသည် ရွာလေးတစ်ရွာမျှသာဖြစ်ပြီး နမ့်သျှိုချောင်းအနီးတွင် တည်ရှိသောကြောင့် ထိုချောင်းကို အစွဲပြုပြီး လိုင်လျှိုဟုခေါ်တွင်ခဲ့ရာမှ နောင်တွင် အသံပြောင်းလဲလာပြီး လားရှိုးဟူ၍ ဖြစ်လာသည် ဟု သမိုင်းမှတ်တမ်းများက ဆိုပါတယ်။

သက္ကရာဇ် ၁၇၆၇ ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်(ခေါ်)မြေဒူးမင်းလက်ထက်ဖြစ်ပွားတဲ့ တရုတ်-မြန်မာစစ်ပွဲမှာ လားရှိုးသည် စစ်တမ်းထောက်ရွာအဖြစ် စတင်တွေ့ရှိရ ခြင်းကြောင့် ယင်းနှစ်မတိုင်မီကပင် လားရှိုးသည် တည်ရှိခဲ့သည်ဟု ယူဆခဲ့ကြပါတယ်။

၁၉၇၂ ခုနှစ်တွင် လားရှိုးကို မြို့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လားရှိုးမြို့နယ် ကို ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်၊ ကျေးရွာအုပ် စုပေါင်း ၇၅ အုပ်စု၊ ကျေးရွာပေါင်း ၄၉၀ ရွာနဲ့  ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

 

(၂)  ၁၉၉၈ ခုနှစ်က လားရှိုးမြို့ကို ကျွန်တော် စရောက်သည့်နှစ်ဖြစ်ပါတယ်။  ထိုအချိန်က လားရှိုးမြိုကလေးဟာ ရှေးမူမပျက်စည်ကားနေဆဲမြို့ငယ်လေးဖြစ်ပါတယ်။ လားရှိုးမြို့မ စျေးကြီး ပတ်ဝန်းကျင်က ပတ်ဝေးလက်ဖက် ရည်ဆိုင်၊ မန်းမြို့တော်ကဖေး၊ ချမ်းမြေ့ ကဖေး၊ အဥ္ဇလီကဖေးနဲ့ ရွှေတံခါးလက်ဖက် ရည်ဆိုင်တို့ဟာ ကျွန်တော်တို့ အဝန်းအဝိုင်း က သူငယ်ချင်းတွေ အမြဲဆုံတွေ့လေ့ရှိသည့် နေရာဖြစ်ပါတယ်။ တစ်ခါတစ်ရံ ခပ်လှမ်း လှမ်းက စူပါဆဲဗင်းမှာလည်း ပေါက်စီနဲ့ နံပြား သွားစားလေ့ရှိကြပါတယ်။

လားရှိုးမြို့မစျေးကြီးအနီးက ညစျေးမှာတော့ တရုတ်နိုင်ငံထုတ် အဝတ်အထည် စုံစုံလင်လင်ရှိတဲ့အတွက် လားရှိုးမြို့ကို ရောက်လာကြသူတိုင်း ညစျေးမှာစျေးဝယ်ပြီးမှသာ ပြန်လေ့ရှိပါတယ်။ လားရှိုးမြို့ဟာ တရုတ် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့နဲ့မိုင် ၁၀၀ ကျော်သာ ကွာဝေးတဲ့အတွက် တရုတ်နိုင်ငံထုတ်ပစ္စည်း ပေါများလှပါတယ်။

လားရှိုးစျေးကြီးမှာလည်း ထိုင်းနိုင်ငံ ထုတ်ပစ္စည်းထက် တရုတ်နိုင်ငံထုတ်ပစ္စည်း က ပိုများပါတယ်။ တရုတ်နိုင်ငံ ရွှေလီ၊ ကြယ်ခေါင်မြို့များကို အိမ်ဦးနဲ့ ကြမ်းပြင်နီးပါး သွားလာ၍ ကုန်စည်ကူးသန်းရောင်းဝယ်မှုပြု ကြပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်များမှာ လားရှိုးမြို့ဟာ ဘီယာဆိုင်ထက် လက်ဖက်ရည်ဆိုင်က ပိုများနေသေးပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲ သူများထက် အရက်သောက်သုံးသူလောက်သာ ပိုများနေလိမ့်ဦးမည်ဟု ထင်မိပါတယ်။ ဘီယာဆိုင်ဆိုသည်မှာ လက်ချိုးရေတွက်လို့ ရနေပါသေးတယ်။  ဘီယာဆိုင်ထိုင်တဲ့ လူဦး ရေထက် အရက်ဆိုင်ထိုင်နေကြသူ ပိုများနေ ပါသေးတယ်။ ထိုအချိန်က စည်ဘီယာဆိုသည့်အရာ ခေတ်စားလာခါစ ဖြစ်ဟန်တူပါတယ်။

ထိုအချိန်က လားရှိုးမြို့ကြီးမှာ မော်တော်ဆိုင်ကယ်ထက် Sunny လိုင်းကားများက ပိုများပါတယ်။ ငွေလေးသိန်းပေးနိုင်ရင် ဆန်နီကားတစ်စီး ကောင်းကောင်းပိုင်ဆိုင်နိုင်တဲ့ ခေတ်လည်းဖြစ်ပါတယ်။ ထိုအချိန်က ကျွန်တော်တို့အဖို့ ဆန်နီကားတစ်စီးပိုင်ဆိုင်ဖို့ မဆိုထားနဲ့ စက်ဘီးတစ်စီးဝယ်နိုင်ဖို့တောင် အနိုင်နိုင်ဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်ကို ရွှေလီ၊ ဂျယ်ဂေါင်မြို့များအထိ သွားဝယ်ကာ လားရှိုးသို့ နေ့ချင်းပြန် ဆိုင်ကယ်ကယ်ရီ စီးနင်းကြသူတွေ များလှပါတယ်။ မနက်မိုး လင်းခါနီး အချိန်များမှာ ဆိုင်ကယ်ကယ်ရီ စီးကြသူအများအပြား လားရှိုးမြို့တွင်းကို အစီအရီ ဝင်ရောက်လာတတ်ကြပါတယ်။  တချို့ တစ်ဦးတည်း ဆိုင်ကယ်သုံးစီးကယ်ရီလုပ်နိုင်ကြပါတယ်။ သူစီးလာသည့် ဆိုင်ကယ်နောက်မှာ ဆိုင်ကယ်နှစ်စီးတင်လာနိုင် ပါသေးတယ်။

လားရှိုးမြို့ ရပ်ကွက် (၅) မှာ ဆိုင်ကယ် ကယ်ရီစီးသူများ၊ ဆိုင်ကယ်ပွဲစားတန်းများနဲ့ စည်ကားလေ့ရှိပါတယ်။ ထိုမှတစ်ဆင့် သူတို့ဟာ မြန်မာပြည်အလယ်ပိုင်း ဒေသများဆီကို  ဆိုင်ကယ်များရောင်းချနိုင်ရန် တစ်ဆင့်ပို့ ဆောင်ရောင်းချကြပါတယ်။

လားရှိုးမြို့လေးဟာ တောင်ပေါ်မြို့လေးဖြစ်သည့်အတွက် တောင်တက်တောင် ဆင်းများလှပါတယ်။ စက်ဘီးစီးလျှင် အဆင်း နှင့် အတက်ကမမျှလှ။ ဆင်းလျှင်လည်း အဆင်းချည်း ဖြစ်နေတတ်ပြီး ထိုလမ်းကို ပြန်လာလျှင်တော့ တွန်းတက်လာရသည့် အခြေအနေဖြစ်ပါတယ်။ 

မှတ်မိပါသေးတယ်။ ကျွန်တော်တို့ လားရှိုးရောက်ခါစက ဘောလုံးပွဲကြည့်ချင်ရင် ဘောလုံးပွဲပြသော ဗီဒီယိုရုံများမှာသွားကြည့် ကြရပါတယ်။ ချန်ပီယံလိဂ်ဘောလုံးပွဲများ သွားကြည့်တိုင်း ဗီဒီယိုရုံအနီးမှာရောင်းတဲ့ ကောက်ညှင်းဆန်၊ ကြက်ဥနဲ့ ထောပတ် ရောစပ်ပြုလုပ်ထားတဲ့ ကဇော်ပူပူလေးကိုဝယ်စား ကြပါတယ်။ ရှမ်းရေစိမ်ခေါက်ဆွဲနဲ့ တိုဟူးနွေးလည်း စားနိုင်ပါသေးတယ်။ ပဲနို့ကို သကြား၊ အီကြာကွေးနှင့်ရောကာ စားခဲ့ကြပါသေးတယ်။

ချန်ပီယံလိဂ်ဘောလုံးပွဲကန်တဲ့ အချိန် က ည ၁ နာရီကျော်မှဖြစ်တာကြောင့် ကျွန်တော်တို့ အိပ်ချင်မူးတူးနဲ့ အိပ်ရာမှထကာ အားပေးခဲ့ကြပါတယ်။ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲများကိုတော့ ညစျေးတန်းအနီးက ရုပ် ရှင်ရုံမှာပြလေ့ရှိရာ ကျွန်တော်တို့ နေရာမရမှာစိုးသဖြင့် လက်မှတ်ကို အလုအယက်ဝယ်ကာ အားပေးခဲ့ကြပါတယ်။

ဘောလုံးပွဲပြီးတာနဲ့ မြို့မစျေးကြီးအနီး က နံနက်ခင်းစျေးမှာ ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီးမှ အိမ်ပြန်လေ့ရှိပါတယ်။ နံနက်ခင်း စျေးတွင် လားရှိုးမြို့အနီးရှိ ကျေးရွာများနဲ့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဥယျာဉ်သီးနှံ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများက ဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ်

လာရောက်ရောင်းချကြပါတယ်။ နေ့ခင်းဘက် မြို့မစျေးကြီးအနီးရှိ ကုန်စိမ်းစျေးမှာ ဝယ်ယူတာထက် စျေးထက်ဝက်ခန့်သက်သာပါတယ်။  လတ်လတ်ဆတ်ဆတ်လည်း စားကြရပါတယ်။

နံနက်ခင်းစျေးမှာ ဆိုင်ကယ်နဲ့ ရပ်ကွက် အတွင်း ကျေးရွာများအတွင်း စျေးလိုက် ရောင်းချကြတဲ့ ဆိုင်ကယ်စျေးသည်များကို တွေ့နိုင်ပါတယ်။ သူတို့တတွေ အလုအယက် စျေးဝယ်ပြီး ဆိုင်ကယ်ပေါ်မှာ ဟင်းသီးဟင်းရွက်ထုပ်များချိတ်ကာ ရပ်ကွက်တကာ ရွာတကာပတ်ကာ စျေးရောင်းရန် ပြင်ဆင်ကြသည် ကိုတွေ့မြင်နိုင်ပါတယ်။ ဤသည်မှာ တစ်ချိန်တုန်းက လားရှိုးညများဖြစ်ပါတယ်။

 

(၃)  အခုတော့ လားရှိုးမြို့လေးဟာ အရင်လို မဟုတ်တော့။ စက်သုံးဆီစျေး ဘယ်လောက် ကြီးကြီး မြို့တွင်းလမ်းတွေပေါ်မှာ ကားလမ်းတွေ ပိတ်နေတတ်ပါတယ်။ မဝေးလှတဲ့ အကွာအဝေးကိုရောက်ဖို့ လမ်းပွင့်ချိန် ပျင်းနေအောင် စောင့်နေရတတ်ပါတယ်။ 

လူအသွားအလာပြတ်တဲ့ ရပ်ကွက်များရှိ လမ်းများမှာ လုယက်မှုဖြစ်စဉ်တွေ ခပ်စိပ်စိပ် ကြားလာရပါတယ်။ ဆိုင်ကယ်ခိုးခံရမှု သတင်းတွေ မကြာခဏဆိုသလို ကြားနေရပါတယ်။

ဒါပေမဲ့ မြို့တော်ကြီး၏ လမ်းအချို့ ဖြောင့်ဖြူးလာပါတယ်။  တချို့လမ်းတွေ ချဲ့ ထွင်လာပါတယ်။ အနားယူ အပန်းဖြေစရာ တွေနဲ့ ခေတ်မီစားသောက်ဆိုင်တွေ များလာပါတယ်။ မြို့တွင်းလမ်းတွေနဲ့ ပတ်ဝန်းကျင် မှာတော့ မြို့ပြသာယာလှပရေးအတွက် အရှိန်ယူဆောင်ရွက်နေသည်ကို တွေ့ရပါတယ်။ 

ကောင်း၏ ဆိုး၏ စတဲ့ ဖြစ်တည်မှုများ ကြားနေ့ရက်များစွာ ကုန်လွန်ရင်း ပင်လယ်ရေမျက်နှာပြင် ၂၈၀၆ ပေအထက်ရှိနေတဲ့ မြို့လေးဟာ အတိတ်သမိုင်း နေ့ရက်များကို ဖြစ်တည်ချန်ထားရင်း နေ့ရက်သစ်များဆီ ဆက်လို့သွားနေပါတော့တယ်။

Most Read

Most Recent