NLD အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နှလုံးရောဂါဖြင့် ကွယ်လွန်

NLD အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နှလုံးရောဂါဖြင့် ကွယ်လွန်
Published 23 May 2022

NLD အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးဟောင်း ဦးဇော်ဌေးသည် နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံကြီးတွင် မေ ၂၃ ရက် နံနက် ၉ နာရီအချိန်ခန့်က ကွယ်လွန်သွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

'' ဦးဇော်ဌေးတော့ ဒီနေ့မနက် ဆုံးသွားတယ်။ နှလုံးရောဂါလို ဖြစ်တာပဲ။ ဒီနေ့မနက်မှာ ဦးဇော်ဌေး ဆုံးသွားတယ်။ သူနေ့အိမ်ကနေ ဆေးရုံကို အချိန်မီပို့တယ်။ ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ နှလုံးတိုက်ခိုက်ခံရတဲ့ ရောဂါပုံစံမျိုးဖြစ်တယ်။ ရင်ဘက်တွေအောင့်လာတယ်။ ဒါကြောင့်မလို့ နေပြည်တော် ကုတင် ၁၀၀၀ ကို ပို့တယ်။ ၉ နာရီလောက်မှာ ဆုံးသွားတယ်လို့ သတင်းရရှိတယ်'' ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက The Daily Eleven သတင်းစာသို့ ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများသည် ဦးဇော်ဌေး၏ စျာပနအတွက် လိုအပ်သည်များကို သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားသည်။

စစ်တက္ကသိုလ်အပတ်စဉ်(၃၇) ကျောင်းဆင်းဖြစ်သည့် ဦးဇော်ဌေးသည် တပ်မတော်၌ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် အရပ်ဘက်ဝန်ထမ်းအဖြစ် တာဝန်ပြောင်းလဲထမ်းဆောင်ခဲ့ကြောင်းနှင့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတရုံး ညွှန်ကြားရေးမှူးတာဝန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ထို့မှတဆင့် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ရာထူးတိုးမြှင့်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် တာဝန်မှ အနားပေးခံရသူဖြစ်သည်။ 

ထို့အတူ ဦးဇော်ဋ္ဌေးသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက သတင်းမီဒီယာများအား သတင်းထုတ်ပြန်ပေးခြင်းနှင့် သတင်းဖြေကြားခြင်းများပြုလုပ်ခဲ့သဖြင့် သမ္မတရုံးပြောခွင့်ရသူတစ်ဦးအဖြစ် ထိုစဉ်ကတည်းက လူသိများခဲ့သူတစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက်တွင် တရားဝင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

NLD အစိုးရလက်ထက်တွင် ဦးဇော်ဌေးသည် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ညွှန်ကြားရေးမှူးချုပ်ရာထူးဖြင့် UPDJC အစိုးရအစုအဖွဲ့တွင် ပါဝင်ခဲ့သည့်အပြင် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်အဖွဲ့များ၊ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံညှိနှိုင်းမှုများ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ပြုလုပ်သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ဝေဖန်ကြားမှုများအား '' မဟုတ်မမှန် ဝေဖန်ပြောကြားနေတာတွေပေါ့၊ လုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေပေါ့နော်၊ ဒီပုဂ္ဂိုလ်တွေအနေနဲ့ ပြောရရင်တော့ ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တာပေါ့၊ ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တဲ့ နိုင်ငံရေးဆွဲကြိုးချတာဖြစ်လိမ့်မယ်ဆိုတာကိုတော့ ကျွန်တော်ရှင်းရှင်းလင်းပြောချင်ပါတယ်'' ဆိုသော ဦးဇော်ဌေး၏ တုံ့ပြန်ပြောကြားချက်သည် ထင်ရှားသည့် ပြောကြားမှုဖြစ်ခဲ့သည်။

ဦးဇော်ဌေးသည် ကွယ်လွန်ချိန်တွင် အသက် ၄၈ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

 

Most Read

Most Recent