ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ခြင်းနှင့် မုတ်သုံလေအားအလွန်ကောင်းခြင်းကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မေ ၂၂ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂ လားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ် နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ဆက်လက်ပြီး မေ ၂၂ ရက် မွန်းလွဲပိုင်းမှ မေ ၂၆ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂ လားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေ ပြင်းတိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ (၇၇- မီလီမီ တာ)နှင့်အထက် ရွာသွန်းနိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၃ ပေခန့်ရှိ နိုင်ကြောင်း သိရသည်။
ထိုသို့ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင် သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်း ငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် မိုးဇလက အသိပေးထားကြောင်း သိရသည်။















