ရွှေစျေးနှုန်းတည်ငြိမ်ရေးနှင့် စျေးကွက်တည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းရွှေအသင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း သိရ

ရွှေစျေးနှုန်းတည်ငြိမ်ရေးနှင့် စျေးကွက်တည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းရွှေအသင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း သိရ
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မေ ၁၆ ရက်တွင် အစည်းအဝေးကျင်းပခဲ့စဉ် (ဓာတ်ပုံ-YGEA)
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မေ ၁၆ ရက်တွင် အစည်းအဝေးကျင်းပခဲ့စဉ် (ဓာတ်ပုံ-YGEA)
Published 16 May 2022

ရွှေစျေးနှုန်းတည်ငြိမ်ရေးနှင့် စျေးကွက်တည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းရွှေအသင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

မေ ၁၆ ရက်ကအသင်းရုံးတွင် ရွှေစျေးကွက်မဖွင့်မီတွင် အသင်းသူ၊ အသင်းသားများနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး သတ်မှတ်ထားသည့် ရည်ညွှန်းစျေးဖြင့်သာ အသင်းရုံးခန်းတွင် ရွှေအရောင်း၊ အဝယ်ပြုလုပ်ခွင့်ရှိကြောင်း၊ အသင်းရုံးဖွင့်ရက်စျေးကွက်ပိတ်ချိန်နောက်ပိုင်းနှင့် အသင်းရုံးပိတ်ရက်များတွင် ရုံးခန်းပြင်ပ၊ အရောင်း၊အဝယ်ပြုလုပ်ခဲ့ပါက အသင်းစည်းကမ်းနှင့်အညီ တစ်လတိတိအသင်းမှ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသိပေးကြေညာခဲ့သည်။

“ဒီနေ့အစည်းအဝေးကတော့ ထူးထူးခြားခြားမရှိပါဘူး။ စျေးဖွင့်ရင် ဘယ်လိုဖွင့်ကြမလဲဆိုတာနဲ့ ရွှေစျေးကွက်တည်ငြိမ်ရေးအတွက် အစည်းအဝေးလုပ်တာပါ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ မေ ၁၆ ရက်တွင် YGEA က ထုတ်ပြန်သည့် ရွှေအဖွင့်စျေးနှုန်းမှာ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းနှစ်ဆယ်သုံးသောင်းငါးထောင်ကျပ်ဖြစ်ပြီး အပိတ်စျေးမှာလည်း အဖွင့်စျေးနှင့် ကွာခြားမှုမရှိကြောင်း သိရသည်။

“စျေးကွက်ကတော့ နည်းနည်းအေးတယ် ပြောရမယ်။ အရင်ရက်တွေတုန်းကလောက် သိပ်မသွက်ဘူး။ မနေ့ကဆိုရင်အပြင် စျေးမှာက အသင်းစျေးထက် ပိုများတယ်။ ဒီနေ့ကတော့ အတူတူလောက်ပဲရှိမယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်းစံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင်စျေးနှုန်းများမှာ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ်၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည်၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ၂၀၂၀  ပြည့်နှစ် ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင် ရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent