ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်အတွက် လိုအပ်သည့် အထောက်အပံ့ ပစ္စည်း အပြည့်အစုံနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၇ ရက်က ပြောကြားသည်။
“ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ခုနက ပြောတဲ့ ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေး စနစ်ကို ပြောပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို ပြည်သူပါဝင်တဲ့ အင်အား၊ လိုအပ်တဲ့ အထောက် အပံ့ပစ္စည်းအပြည့်အစုံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကျွန်တော်ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အပြိုင်အဆိုင် အဖွဲ့အစည်းများ ဖွဲ့စည်းရာ၌ NLD အစိုးရလက်ထက်တွင် အစိုးရကို ဆန့်ကျင်ရန်အတွက် အဖွဲ့အစည်းအချို့ကို တပ်မတော်သားဟောင်းများက ဖွဲ့စည်းထားသယောင် လုပ်ကြံဖန်းတီထားသည့် အဖွဲ့အ စည်းများ ပေါ်ပေါက်ခဲ့ဖူးကြောင်းနှင့် ယင်းအဖွဲ့အစည်းများကို ဇစ်မြစ်လိုက်ကြည့်ရာတွင် အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးထားသော အဖွဲ့အစည်းများ ဖြစ်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မိမိတို့အနေဖြင့် တရားဝင်ဖွဲ့စည်းထားသည့် ပြည်သူ့စစ်ဆိုသော အဖွဲ့အစည်းသာရှိပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများအရ နယ်မြေတစ်ခုခု၊ ဒေသတစ်ခုခုတွင် လုံခြုံရေးအရ လိုအပ်လာပါက ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတော်သည် ပြည်သူ့စစ် မဟာဗျူးကို ကျင့်သုံးသည်ဟု အခြေခံဥပဒေထဲတွင် အတိအလင်းပါပြီးကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့ အနေနဲ့ကတော့ ခုနကပြောတဲ့ တရားဝင်ဖွဲ့စည်းထားတာ ပြည်သူ့စစ်ဆိုတဲ့ အဖွဲ့အစည်းရှိပါတယ်။ ပြည်သူ့စစ်ဆိုတဲ့ အဖွဲ့အစည်းသည် နိုင်ငံတော်သည် ပြည်သူ့စစ်မဟာဗျူးကို ကျင့်သုံးသည်လို့ အခြေခံဥပဒေထဲမှာ အတိအလင်း ပါပြီးသားဖြစ်တယ်။ ပြည်သူ့စစ် မဟာဗျူ ဟာနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ၁၉၅၉ တပ်မှူးကြီးများ ညီလာခံအပြီး နောက်ပိုင်းက တည်းက စတင်ခဲ့တာ ဖြစ်တယ်။ နိုင်ငံတော်ရဲ့ လက်ရှိ ကာကွယ်ရေးမဟာဗျူဟာသည်လည်း ပြည်သူ့စစ် မဟာဗျူဟာရှိတယ်။ ကျွန်တော်တို့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေအရလည်း နယ်မြေ တစ်နယ်မြေမှာပဲဖြစ်ဖြစ် ဒေသတစ်ခုခုမှာပဲဖြစ်ဖြစ် လုံခြုံရေးအရ လိုအပ်လာလို့ရှိရင် ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့် ရှိပါတယ်။ အစိုးရအနေနဲ့ကတော့ ပြည်သူလူထုရဲ့ နယ်မြေခံ ဒေသလူထုရဲ့ တောင်းဆိုချက်နဲ့အညီ ကျွန်တော်တို့အနေနဲ့ တရားဝင်ဖွဲ့စည်းခွင့်ရှိတဲ့ ပြည်သူ့စစ်များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်။ ကျန်တဲ့ အဖွဲ့အစည်းများနဲ့ ပတ်သက် ပြီးတော့ ကျွန်တော်တို့ ဖွဲ့စည်းဆောင်ရွက်လျက် မရှိပါဘူး။ ဒါကို တိတိလင်းလင်း ပြောချင်ပါတယ်” ဟု ပြောကြားသည်။
အထက်ပါကဲ့သို့ ပြည်သူ့စစ်များ ဖွဲ့စည်း ဆောင်ရွက်ချင်းကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်နေခြင်းသည် အတွင်းမှ လှိုက်စားရန်နှင့် အတွင်းဝင်၍ မီးရှို့ရန်အတွက် လုပ်နေသည့် အချို့လုပ်ငန်းများလည်း ရှိနေသည်ကို သတိချပ်စေလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။















