အဂတိလိုက်စားမှုဒဏ် အများဆုံးခံစားရသူများ

အဂတိလိုက်စားမှုဒဏ် အများဆုံးခံစားရသူများ
Published 27 April 2022

“နိုင်ငံမှာ အဂတိလိုက်စားမှု များလေလေ၊ ဥပဒေတွေ များလေလေပဲ။”

တက်စီးတက်စ် (၅၆ အေဒီ - ၁၂၀ အေဒီ)

ရောမလွှတ်တော်အမတ်နှင့် သမိုင်းပညာရှင်

အဂတိလိုက်စားမှုဟူသည် ပြည်သူတစ်ရပ်လုံးအား ထိခိုက်စေသောကြောင့် ပြည်သူတစ်ရပ်လုံး၏ နံပါတ် (၁) ရန်သူဖြစ်သည်။ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု၊ ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများနှင့် တရားမျှတမှုတို့ကို အဂတိလိုက်စားမှုက ခြိမ်းခြောက်လျက်ရှိသည်။ အဂတိလိုက်စားမှုက လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေးကို အန္တရာယ်ပြုလျက်ရှိသည်။ အဂတိလိုက်စားမှုဟူသည် အင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီ စံတန်ဖိုးများကို လှိုက်စားကာ အားနည်းသွားစေလျက် ပျက်သုဉ်းသွားစေနိုင်သော အရာလည်းဖြစ်သည်။ အများပြည်သူနှင့်ဆိုင်သော မူဝါဒများနှင့် အများပြည်သူ နှင့်ဆိုင်သော ရင်းမြစ်များသည် ဆင်းရဲသားပြည်သူများကို အကြီးအကျယ်အကျိုးပြုနေသည့် အရာများဖြစ်သောကြောင့် အဂတိလိုက်စားမှု၏ ဆိုးရွားသောရိုက်ခတ်မှုများကို အပြင်းထန်ဆုံးထိခိုက်ခံစားရသူများမှာ ဆင်းရဲသားပြည်သူများသာဖြစ်သည်။

အိမ်ရာစီမံကိန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပညာရေးဝန်ဆောင်မှုများ၊ လုံခြုံရေးလုပ်ငန်းများနှင့် လူမှုဖူလုံရေးလုပ်ငန်းများသည် အစိုးရပေါ်တွင် တည်မှီနေသောကြောင့် အဂတိလိုက်စားမှုကြောင့် ယင်းလုပ်ငန်းများထိခိုက်မှုကို အကြီးမားဆုံး ခံစားရမည့်သူများသည် ဆင်းရဲသားပြည်သူများသာဖြစ်သည်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု နှေးကွေးကြန့်ကြာနေခြင်း၊ အိမ်ရာများ အရည်အသွေးညံ့ဖျင်းခြင်းနှင့် အပိုငွေကြေးများ အဆင့်ဆင့်ကုန်ကျနေခြင်းတို့ အားလုံးတို့သည် အဂတိလိုက်စားမှု၏ အကျိုးဆက်များ ဖြစ်ကြသည်။ အဂတိလိုက်စားမှု ကျူးလွန်ခြင်းများစွာတို့က နိုင်ငံသားတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို ဆုံးရှုံးစေသည်။

အဂတိလိုက်စားမှုနှင့် မိမိတို့နိုင်ငံအား အဂတိလိုက်စားသောနိုင်ငံအဖြစ် နိုင်ငံတကာ၏ ထင်မြင်မှုများက နိုင်ငံ၏ဂုဏ်သိက္ခာကို ပျက်စီးစေပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအတွက် အဟန့်အတားများဖြစ်စေကာ စီပွားရေးကြီးထွားမှုကို နှေးကွေးစေသည်။ ပြည်သူ့ဘဏ္ဍာများသည် အစိုးရဝန်ဆောင်မှု လုပ်ငန်းများနှင့် အစိုးရစီမံကိန်းများအတွက် ဖြစ်သည်။ အခွန်ကောက်ခံခြင်း၊ ငွေချေးစာချုပ်များထုတ်ရောင်းခြင်း၊ အစိုးရ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေရရှိခြင်းနှင့် အစိုးရအသုံးစရိတ်များအတွက် အခြားနည်းလမ်းများဖြင့် ဘဏ္ဍာ ငွေရှာဖွေခြင်းတို့သည် နိုင်ငံသားများအားလုံးအတွက် လူမှုရေးအာမခံချက်များရရှိရေး၊ ပညာရေးအသုံးစရိတ်များ၊ ဆေးရုံများ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားနှင့် ရေအရင်း အမြစ်များ ထောက်ပံ့ရေးနှင့် ပြည်သူတို့၏ လုံခြုံရေးအာမခံချက်များ ရရှိရေးတို့အတွက်ဖြစ်သည်။ အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းတို့သည် နိုင်ငံ၏ဘဏ္ဍာများကို လုံးပါးပါးစေခြင်းနှင့် နိုင်ငံ့ဘဏ္ဍာများကို ဖော်ပြပါစီမံကိန်းများနှင့် အစိုးရဝန်ဆောင်ပေးမှုအပေါ်တွင်သာ အများဆုံးမှီခိုနေရသူများမှ လမ်းလွဲစေခြင်းတို့ဖြစ်ပေါ်စေသည်။

ကမ္ဘာတစ်လွှားတွင် ပြုလုပ်ခဲ့သည့် မရေမတွက်နိုင်သော လေ့လာချက်များက အဂတိလိုက်စားမှုသည် ရင်းနှီးမြှုပ်နှံမှုများအတွက် အဟန့်အတားဖြစ်စေပုံ၊ ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေပုံ၊ စီးပွားကြီးထွားမှုကို လျော့ကျစေပုံနှင့် အစိုးရ၏ငွေကြေးသုံးစွဲမှုများ နှင့်ပတ်သက်သော အချက်အလက်များနှင့် စာရင်းဇယားများကို အချိုးပျက်စေပုံတို့ကို ပြသနေသည်။ သို့သော် အရေးအကြီးဆုံးမှာ အချို့နိုင်ငံများ၌ အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှု၊ ဝင်ငွေမညီမျှတို့နှင့် တိုက်ရိုက်ဆက်နွှယ်နေမှုကိုပြသနေသော လေ့လာ ချက်များဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် အဂတိလိုက်စားမှုများက ပြည်သူ့ဘဏ္ဍာများကို အချိုးမညီမျှမှု ဖြစ်စေပြီး ပြည်သူတို့အတွက် လူမှုဖူလုံရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုရမည့် ဘဏ္ဍာငွေများကို လမ်းလွဲသွားစေသောကြောင့် ပြည်သူတို့အတွက်  ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ အားနည်းချည့်နဲ့သွားရသည်။ ယင်းဒဏ်ကို အများဆုံးခံစား ရသူများသည် ဆင်းရဲသားပြည်သူများပင်ဖြစ်သည်။ ဝင်ငွေကွာဟချက် ကြီးမားလွန်းခြင်းကလည်း အဂတိလိုက်စားမှုများကို ကြီးထွားစေသည်။

ထို့ကြောင့် အဂတိလိုက်စားမှုဒဏ်ကို အများဆုံးခံစားရသူများမှာ အခြေခံလူတန်းစား ဆင်းရဲသား ပြည်သူများသာဖြစ်သောကြောင့် အဂတိလိုက်စားမှုဟူသည် ပြည်သူတစ်ရပ်လုံး၏ နံပါတ် (၁) ရန်သူဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

 ဧပြီ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent