ရွှေနှင့်ဒေါ်လာများ ပေးထားသည်ဟု ဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုထားသည့် အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ငါးနှစ် ချမှတ်

ရွှေနှင့်ဒေါ်လာများ ပေးထားသည်ဟု ဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုထားသည့် အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ငါးနှစ် ချမှတ်
Published 27 April 2022

ရွှေနှင့်ဒေါ်လာများပေးထားသည်ဟု ဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုထားသည့် အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၂)နှင့်ပတ်သက်၍ ယနေ့(ဧပြီ ၂၇ ရက်) ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တရားခွင်တွင် အမိန့်ချမှတ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ခွင့်မရခဲ့ဘဲ တရားခွင်ကို နံနက် ၉ နာရီခွဲတွင်စတင်ပြုလုပ်ခဲ့သည်ဟု တရားခွင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အမှုအား ယမန်နေ့က အမိန့်ချမှတ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဧပြီ ၂၇ ရက်သို့ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

အထက်ပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့သည် တရားလိုပြသက်သေများအဖြစ် လာ​​ရောက်ထွက်ဆိုခဲ့ကြပြီး ယင်းထွက်ဆိုချက်များအား ဒေါ်အောင်ဆန်းစုကြည်က All Absurd ဟု သုံးနှုန်းကာ အောက်တိုဘာ ၄ ရက်ရုံးချိန်းတွင် တုံ့ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လဒ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၂)သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် အမှုဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများ အပါအဝင် အမှုပေါင်း ၁၂ မှုခန့်အား တရားရင်ဆိုင်နေရပြီး စစ်ဆေးပြီးပြတ်သွားသည့်အမှုများအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည်။

Most Read

Most Recent