ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲဖြစ်သည့် NSDF Women's Futsal Championships 2022 ပြိုင်ပွဲ အုပ်စုပထမနေ့ကို ဧပြီ ၂၀ ရက်က စတင်ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။
အုပ်စုပထမနေ့တွင် ထိုင်းလက်ရွေးစင်အသင်းက မြန်မာ့လက်ရွေးစင်အသင်းကို ခုနစ်ဂိုးပြတ်၊ ထိုင်း All Stars အသင်းက သြစတြေးလျကလပ် South Perth အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲတွင် အင်အားအကြီးဆုံးဖြစ်သည့် ထိုင်းလက်ရွေးစင်အသင်းနှင့် စတင်ကစားရသောကြောင့် ရလဒ်ကောင်းရယူနိုင်ခြင်းမရှိဘဲ ဂိုးပြတ် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရခြင်းမရှိတော့ဘဲ ငါးနှစ်နီးပါးအကြာမှသာ ပြန်လည်ယှဉ်ပြိုင်ရခြင်း ဖြစ်သောကြောင့် ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ပထမပိုင်းတွင် နှစ်ဂိုးသာပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ငါးဂိုးအထိ ပေးခဲ့ရသဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ထိုင်းလက်ရွေးစင်အသင်း၊ ထိုင်း All Stars အသင်း၊ မြန်မာ့လက်ရွေးစင်အသင်း၊ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် သြစတြေးလျကလပ် South Perth အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ငါးသင်းပတ်လည်စနစ်ဖြင့် ကျင်းပလျက်ရှိသည်။ အုပ်စုပွဲစဉ်များကို တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပလျက်ရှိပြီး မြန်မာနှင့် ထိုင်းပွဲမတိုင်မီကစားသည့် ပထမပွဲတွင် ထိုင်း All Stars အသင်းက သြစတြေးလျကလပ် South Perth အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စုဒုတိယနေ့ကို ဧပြီ ၂၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ပွဲစဉ်မပါဝင်ဘဲ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ထိုင်း All Stars အသင်း၊ ထိုင်းလက်ရွေးစင်အသင်းနှင့် သြစတြေးလျကလပ် South Perth အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဧပြီ ၂၃ ရက်တွင် ထိုင်း All Stars အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် ထိုင်းလက်ရွေးစင် ဖူဆယ်အသင်းများ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ပြီး အမျိုးသားဖိတ်ခေါ်ပြိုင်ပွဲကို မတ်လက ပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ယခုပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ခွင့်ရသည့် တစ်ခုတည်းသော နိုင်ငံတကာ ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ယခုပြိုင်ပွဲ အပြီးတွင်လည်း ထိုင်းနိုင်ငံ၌ ဆက်လက်နေထိုင်ကာ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။















