လူသားအားလုံး၏ ကောင်းကျိုးချမ်းသာ

လူသားအားလုံး၏ ကောင်းကျိုးချမ်းသာ
Published 20 April 2022

“ဘဝရဲ့ အရှည်ကြာဆုံးနဲ့ အရေးအကြီးဆုံးမေးခွန်းကတော့ တခြားသူတွေအတွက် မင်း ဘာတွေလုပ်နေလဲဆိုတာပါ”

မာတင်လူသာကင်းဂျူနီယာ (၁၉၂၉- ၁၉၆၈)

အရပ်ဘက်အခွင့်အရေး တက်ကြွလှုပ်ရှားသူ

လူသားအားလုံး၏ ကောင်းကျိုးချမ်းသာကို ရှေးရှုရာ၌ အဓိကကျသည့် အချက်တစ်ချက်မှာ လူသားချင်းစာနာထောက်ထားမှုကို လူတိုင်းကျင့်သုံးလာကြစေရန် တွန်းအားပေးခြင်းဖြစ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ၊ ပရဟိတဆိုင်ရာနှင့် ယုတ္တိဗေဒဆိုင်ရာ အကြောင်းတရားများအတွက် ပိုမိုကောင်းမွန်သော လူ့လောကဖြစ်လာစေရန် အခြားလူသားများကို ကူညီထောက်ပံ့ခြင်းနှင့် စေတနာသဒ္ဓါတရားဖြင့် ဆောင်ရွက်ခြင်းစသည့် လူသားဆန်သော ကျင့်သုံးမှုတို့အားဖြင့် လူ့ဘဝ၏ စံတန်ဖိုးများ၌ နိုးကြားစွာယုံကြည်ခြင်းကို လူသားချင်း စာနာထောက်ထားမှုဟုခေါ်သည်။ ယင်းသည် နယ်ပယ်အမျိုးမျိုး၌ လူသားမျိုးနွယ်တို့၏ တိုးတက်မှုဆီသို့ လုပ်ဆောင်ချက်၌ ဒဿနိကဗေဒဆိုင်ရာ ယုံကြည်မှုလည်းဖြစ်သည်။ လူသားတို့၏ ကောင်းကျိုးချမ်းသာနှင့် အထူးသဖြင့်ပတ်သက်နေသော အတိုင်းအတာကျယ်ပြောသည့် လုပ်ဆောင်ချက်များစွာကို ဖော်ပြရန်အသုံးပြုသည်။ လူသားချင်းစာနာထောက် ထားမှုသည် လူတို့၏တာဝန်ဝတ္တရားက လူသားတို့၏ ကောင်းကျိုးချမ်းသာကို မြှင့်တင်ရန် ဖြစ်သည်ဟူသည့် အယူဝါဒအပေါ် အခြေခံထားသည်။

လူသားချင်းစာနာထောက်ထားမှုသည် လူသားအားလုံးအနေဖြင့် လေးစားမှု၊ ဂုဏ် သိက္ခာတို့နှင့်ထိုက်တန်ပြီး ယင်းကဲ့သို့ ထိုက်တန်စွာဆက်ဆံသင့်သည်ဟူသည့် အမြင် တစ်ရပ်ပေါ်၌ အခြေခံထားခြင်းလည်းဖြစ်သည်။ ထို့ကြောင့် လူသားချင်း စာနာထောက် ထားမှုဝါဒီများသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာဆီသို့ ဦးတည် ဆောင်ရွက်ကြသည်။ လူသားချင်း စာနာထောက်ထားမှုများသည် ကျွန်ပြုခြင်း၊ အခြေခံ လူ့အခွင့်အရေးများကိုချိုးဖောက်ခြင်းနှင့် အသားအရောင်၊ ဘာသာရေး၊ မျိုးနွယ်နှင့် မွေးဖွားရာဇာတိ အစရှိသောအချက်အလက်များအပေါ်အခြေခံလျက် ခွဲခြားဆက်ဆံခြင်းတို့အား ရွံမုန်းသည်။ လူသားချင်းစာနာထောက်ထားမှုသည် သဘာဝဘေးအန္တရာယ်များ သို့မဟုတ် လူသားတို့ကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်နေသည့်အကြား အသက်ကယ်ရန်၊ ဝေဒနာများကို သက်သာစေရန်နှင့် လူသားဂုဏ်သိက္ခာကို မြှင့်တင်ရန် လူသားတို့အား တိုက်တွန်းသည်။ လူသားချင်း စာနာထောက်ထားမှု၌ ရည်ရွယ်ချက်တစ်ရပ် အတွက် လူသားတစ်ဦးကို မည်သည့်အခါမျှ စတေးခြင်းမပြုဟူသည့် အချက်ပါဝင်သည်ဟု ပြင်သစ်-ဂျာမန်တွေးခေါ်ရှင် အဲလ်ဘတ်ရှဝစ်ဇာက ဆိုသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သူ ယန်းဆိုင်မွန်ပစ်တက်က ကြက်ခြေနီ၏ အခြေခံစည်းမျဉ်းများ၌ လူသားချင်း စာနာထောက် ထားမှုဝါဒ၏ ကမ္ဘာလုံးဆိုင်ရာ လက္ခဏာရပ်များကို ဖော်ပြခဲ့သည်။ သူက လူသားဆန်မှု၏ စည်းမျဉ်းသည် ၀ါကျတစ်ကြောင်းတည်းဖြင့် ဖော်ပြ၍ရသော လူမှုကိုယ်ကျင့်တရား၏ အနှစ်သာရဖြစ်ကြောင်း၊ ယင်းမှာလူများက သင့်အပေါ် ပြုလုပ်ပေးသင့်သည်မှန်သမျှအ တိုင်း သင့်အနေဖြင့် ၎င်းင်းတို့အပေါ်လည်း ပြုလုပ်ပေးရမည်ဟူ၍ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ယင်းအခြေခံကျင့်ဝတ်ကို ဘာသာကြီးများဖြစ်သော ဘရာမင်နစ်ဇင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ကွန်ဖြူးရှပ်ဝါဒ၊ အစ္စလာမ်၊ ရဟူဒီဝါဒနှင့် တာအိုဝါဒ အစရှိသည်တို့အားလုံး၌ အလားတူတွေ့နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

သမိုင်းတွင် အင်္ဂလန်၌ စက်မှုတော်လှန်ရေးနှင့်ပတ်သက်၍ စီးပွားရေးပျက်ကပ် ဖြစ်ပေါ်ပြီးနောက် ၁၈၀၀ ပြည့်လွန်နှစ်များနှင့် ၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်း လူမှုရေး ပြုပြင်ပြောင်းလဲမှုများ၌ လူသားချင်း စာနာထောက်ထားမှုကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ ၁၉၀၀ ပြည့်လွန်နှစ်များအတွင်း ဣတ္ထိယဝါဒ၌ပါဝင်သော ဗြိတိန်မှ အမျိုးသမီးများစွာ တို့သည်လည်း လူသားချင်းစာနာထောက်ထားမှုကို တွန်းအားပေးခဲ့ကြသည်။ ကလေးများ နှင့် မကျွမ်းကျင်သည့် အလုပ်သမားများနှင့်ပတ်သက်သည့် ရက်စက်ကြမ်းကြုတ်သော အ လုပ်ချိန်များနှင့် လုပ်ငန်းခွင်အခြေအနေရပ်များအား ဥပဒေနှင့်မလျော်ညီကြောင်း သတ်မှတ်ရန် ပါလီမန်တွင် လူသားချင်းစာနာထောက်ထားမှုဝါဒီများက ဖိအားပေးခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ လူသားတိုင်းအနေဖြင့် လူသားအားလုံး၏ ကောင်းကျိုးချမ်း သာကိုရှေးရှုသော လူသားချင်းစာနာထောက်ထားမှုကို ကျင့်သုံးကြမည်ဆိုပါက ကမ္ဘာကြီး တစ်ခုလုံး ငြိမ်းချမ်းသာယာလျက် အစဉ်ဖွံ့ဖြိုးဝေစည်နေမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

 ဧပြီ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent