မြန်မာ ယူ-၂၂ အသင်းသည် (၃၁) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသားဘောလုံး ပြိုင်ပွဲအတွက် ယူအေအီးနိုင်ငံသို ့သွားရောက်၍ လေ့ကျင့်ပြင်ဆင်နေသလို အုပ်စုတွင်းပြိုင်ဘက်အသင်းများမှာလည်း နိုင်ငံတကာခြေစမ်းပွဲများကစား၍ ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် (၃၁) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသားဘောလုံး ပြိုင်ပွဲတွင် အုပ်စု(A) ၌ အိမ်ရှင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့်အတူ ကျရောက်နေလျက်ရှိသည်။
အိမ်ရှင် ဗီယက်နမ်အသင်းသည် ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ဧပြီ ၁၉၊ ၂၂ ရက်များတွင် တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် ဟနွိုင်းမြို ့၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထို ့အတူ အုပ်စုတွင်းပြိုင်ဘက် ဖိလစ်ပိုင်အသင်းမှာလည်း လာမည့် မေ ၁ ရက်တွင် မလေးရှားအသင်းနှင့် မလေးရှားနိုင်ငံ၌ ခြေစမ်းကစားမည်ဖြစ်သည်။
နောက်ထပ်အုပ်စုတွင်းပြိုင်ဘက်ဖြစ်သည့် တီမောအသင်းမှာလည်း ဧပြီ ၂၉ ရက်တွင် မလေးရှားအသင်းနှင့် မလေးရှားနိုင်ငံ၌ပင် ခြေစမ်းကစားမည် ဖြစ်သည်။
မြန်မာယူ-၂၂ အသင်းနှင့် အုပ်စုဒုတိယနေရာအတွက် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည့် အင်ဒိုနီးရှားအသင်းမှာ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ နေထိုင်လေ့ကျင့်နေပြီး ကေလိဂ်အသင်းများနှင့် ခြေစမ်းပွဲများ ကစားရန်စီစဉ်ထားကြောင်း သိရသည်။
အင်ဒိုနီးရှားအသင်းသည် ဧပြီ ၂၃ ရက်တွင် ကေလိဂ်ကလပ် ပိုဟန်စတီးလားစ်၊ ဧပြီ ၂၇ ရက်တွင် ကေလိဂ်ကလပ် ဒေးဂျွန်းအသင်းတို ့နှင့် ခြေစမ်းကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ယူအေအီးနိုင်ငံတွင် လေ့ကျင့်ရန် ဧပြီ ၁၇ ရက်က ထွက်ခွာသွားပြီး မေ ၄ရက် အထိ လေ့ကျင့်မှုပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ယူအေအီးနိုင်ငံတွင် (၂)ပတ် ကျော်နေထိုင်လေ့ကျင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ယူအေအီးကလပ်အသင်းများနှင့် ခြေစမ်းပွဲ (၃)ပွဲကစားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကစားသမား (၃၁) ဦး ရွေးချယ်ထားသော်လည်း ယူအေအီးခြေစမ်းခရီးစဉ်သို့ ကစားသမား (၂၆) ဦး သာခေါ်ဆောင်သွားကြောင်း သိရသည်။
မြန်မာယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်ရွေးချယ်ထားသည့် ပဏာမကစားသမား(၃၁) ဦးတွင် အသက်ကျော်ကစားသမား(၈) ဦးပါဝင်နေပြီး ယူအေအီး ခြေစမ်းခရီးစဉ်သို့ (၄) ဦး ခေါ်ဆောင်သွားကြောင်း သိရသည်။
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော်ကစားသမား (၃) ဦးသာ ခွင့်ပြုမည်ဖြစ်သောကြောင့် မြန် မာယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ဗ်အနေဖြင့် လက်ရှိရွေးချယ်ထားသည့် အသက်ကျော်ကစားသမားများထဲမှ (၅) ဦး ပြန်ထုတ်ပယ် ရမည်ဖြစ်သည်။
မြန်မာယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် ယူအေအီးနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို ့တိုက်ရိုက်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။















