ရုရှား၏ ယူကရိန်းဆိုင်ရာ စစ်ရေးရည်မှန်းချက် အရွှေ့အပြောင်း

ရုရှား၏ ယူကရိန်းဆိုင်ရာ စစ်ရေးရည်မှန်းချက် အရွှေ့အပြောင်း
မတ် ၃၀ ရက်တွင် စစ်သားတစ်ဦး  ကိယက်ဗ်မြို့ရှိ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် ဈေးဝယ်စင်တာတစ်ခုရှေ့၌ ဓာတ်ပုံရိုက်ကူးခံနေစဉ် Photo : AP
မတ် ၃၀ ရက်တွင် စစ်သားတစ်ဦး ကိယက်ဗ်မြို့ရှိ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် ဈေးဝယ်စင်တာတစ်ခုရှေ့၌ ဓာတ်ပုံရိုက်ကူးခံနေစဉ် Photo : AP
Published 31 March 2022
မိုးဧအောင်

(The Economist အယ်ဒီတာ့ မှတ်ချက်။       ။၂၀၂၂ ခု မတ် ၂၉ ရက်၌ ရုရှားသည် ကိယက်ဗ်၊ ချာနီဟစ်ဗ်နှင့် ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ အခြားမြို့ကြီးများတစ်ဝိုက်တွင် “အပြင်းအထန် ထိုးစစ်ဆင်မှုများ လျှော့ချ သွားမည်”ဟု ပြောကြားခဲ့သည်။ ဤ ‘Russia Says it is changing its war aims in Ukraine´ဆောင်းပါးကို အချိန်နှင့်တစ်ပြေးညီ တည်းဖြတ်တင်ပြထားပါသည်။)

ယူကရိန်းကို ရုရှားကျူးကျော်၍ အချိန်ပိုင်းမျှသာ ရှိသေးချိန်၊ ဖေဖော်ဝါရီ ၂၆ ရက်၌ ရုရှားအစိုးရ၏ သတင်းအေဂျင်စီ RIA Novosti က သတင်းဆောင်းပါးတစ်ပုဒ်ကို ‘မတော်တဆ´ ပုံနှိပ်ဖော်ပြခဲ့လေသည်။ ထို ဆောင်းပါးတွင် စစ်ပွဲကာလ နှစ်ရက်တာသာ တိုတောင်းသည့်တိုင် ကရင်မလင်သည် စစ်ပွဲကို လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ အဆုံးသတ်နိုင်မည်ဟု တွေးတောနေကြောင်း ပါရှိလာသည်။ သူ့ကြွားလုံးအရ ‘ယူကရိန်းသည် ရုရှားထံပြန်လာပြီ´ဟု ရေးသားခဲ့၏။ ‘ဥရောပ၏ ရှေးဟောင်းမြို့တော်ကြီးများဖြစ်သော ပဲရစ်နှင့် ဘာလင်၌ နေထိုင်သူတစ်ဦးဦးက မော်စကိုသည် ကိယက်ဗ်ကို ပွဲမသိမ်းနိုင်ဟု ယုံကြည်ခဲ့ပါသလော။´စစ်ပွဲကာလ တစ်လတာရှိချိန်တွင် ရုရှား၏ မရေရာမှုမှတစ်ဆင့် ယခုကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာသည်။

မတ်လ ၂၅ ရက်၌ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသုံးဦးက တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ရာ၊ တစ်ဦးအပါအဝင်ဖြစ်သော ဗိုလ်ချုပ်ကြီး မီခေးလ် မီဇင်ဆက်ဗ်က ယခုကဲ့သို့ စစ်ပွဲသည် ရည်မှန်းချက်ကို အောင် မြင်စွာ ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် “စစ်ဆင်ရေးရဲ့ ပထမဆင့် လုပ်ငန်းတာဝန်တွေ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်”ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော် လက်တွေ့မြေပြင်အနေအထားမှာမူ ၀ိ၀ါဒကွဲဖွယ်ရာ တွေ့ရှိရ၏။ ကိယက်ဗ်သည် သူတို့၏ စစ်ရေးရည်မှန်းချက် မဟုတ်ကြောင်း အခိုင်အမာဆိုပြန်သည်။ စစ်ဆင်ရေးသည် အရှေ့ပိုင်းဒွန်ဘတ်စ်ဒေသကို ယူကရိန်းထံမှ ကာကွယ်ရန်အတွက်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ရုရှားတို့သည် ၂၀၁၄ ခုနှစ်၌ ဒွန်ဘတ်စ်ဒေသကို ပထမအကြိမ် ကျူးကျော်သိမ်းပိုက်ပြီးနောက် သူတို့အခေါ် ‘ပြည်သူ့သမ္မတနိုင်ငံ´ နှစ်နိုင်ငံ (ဒွန်နက်နှင့်လူဟန့်)ကို ထူထောင် စေပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် လွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုခဲ့၏။ “ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်”သည် “ဒွန်ဘတ်စ်ဒေသ လွတ်မြောက်ရေး”ဟု ဗိုလ်ချုပ်ကြီးများ ပြောဆိုလာသည်။ မတ် လ ၂၉ ရက်၌ ရုရှားနှင့် ယူကရိန်းမှ စေ့စပ်ဆွေးနွေးကြသူများ တူရကီတွင် တွေ့ဆုံနေချိန်အတွင်း၊ ရုရှား ကာကွယ်ရေးဒုဝန်ကြီးက ကိယက်ဗ်၊ ချာနီဟစ်ဗ်နှင့် ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ အခြားမြို့ကြီးများတစ်ဝိုက်တွင် “အပြင်းအထန် ထိုးစစ်ဆင်မှုကို လျှော့ချမည်”ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒွန်ဘတ်စ်ဒေသ တစ်ခုတည်းကိုသာ စိတ်ဝင်စားကြောင်း ရုရှား၏အိုင်ဒီယာကို ယုံကြည်ဖွယ်ရာ အကြောင်းမရှိပါ။ ရုရှား၏စစ်ရေးရည်မှန်းချက်များအပေါ် လေ့လာခဲ့ကြသော အနောက်တိုင်းအရာရှိများက ဤ ကျူးကျော်မှုသည် မြို့တော်ကိယက်ဗ်နှင့်တကွ ယူကရိန်းနယ်မြေ အများအပြားကို သိမ်းယူရန်ဖြစ်ကြောင်း စဉ်းစားခဲ့ကြသည်။ စစ်ပွဲစတင်ချိန်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်က “ကျွန်တော်တို့ဟာ ယူကရိန်းရဲ့ စစ်ရေးနဲ့ နာဇီအင်အားစုတွေကို ခေါင်းထောင်ထ,မလာနိုင်အောင် အခွင့်အလမ်းရှာဖွေဖို့”ဟု ကတိပြုခဲ့သည်။ စစ်ပွဲအစပိုင်းရက်များ အတွင်း ရုရှားတပ်များသည် ကိယက်ဗ်မြို့ပြင်ပရှိ ဟော့စ်တိုမယ်လေဆိပ်ကို မနိုင့်တနိုင် သိမ်း ပိုက်ရန်ကြံစည်ခဲ့ကြဖူးသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးက သူ့တပ်များသည် ရုရှားတင့်ကားများကို သိမ်းဆည်းရရှိကြောင်း၊ ပထမဆုံးသိမ်းမိသော တင့်ကား များထဲတွင် စစ်ယူနီဖောင်း အသစ်ကျပ်ချွတ်များကို တွေ့ရှိရသဖြင့် ကရင်မလင်သည် ယူကရိန်းကိုသိမ်းပြီး ‘အောင်ပွဲခံချီတက်ပွဲ´ပြုရန် စီစဉ်ထားကြောင်း အခိုင်အမာဆိုခဲ့သည်။

ရုရှားတို့၏ စစ်ဆင်ရေး’ခွင်´ ကျယ်ပြန့်သည့်အတွက် စစ်ပွဲ၏ အစပိုင်းမှာပင် ဆုံးရှုံးမှုအချို့ ရင်ဆိုင်ခဲ့ရသည်။ မြို့တော် ကိယက်ဗ်၏ အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်မှ ကဏန်းလက်မသဏ္ဌာန် ၀ိုင်းရံခဲ့သော်လည်း ယူကရိန်း၏ ကြံ့ကြံ့ခံရင်ဆိုင်မှု၊ ရုရှားထောက်ပ့ံပို့ဆောင်ရေး လမ်းကြောင်းများ ဖင့်နှေးကာ ခရီးမတွင်မှု၊ စစ်သည်အင်အား မပြည့်စုံမှုတို့ကြောင့် အချိန်ကြာမြင့်သွားခဲ့သည်။ ထို့ကြောင့် ရုရှားသည် မြို့တော်ကို ၀ိုင်းထားသည့်တိုင် သဲကြီးမဲကြီး တိုက်စစ်မဆင်နိုင်တော့ပါ။ အလားတူ အခြားမြို့ကြီးများကိုလည်း အပိုင်မသိမ်းနိုင်ဘဲ ကြုံသလိုသာ စခန်းသွားနေရသည့်သဘော ဖြစ်လာသည်။ NATO မှ အဆင့်မြင့်အရာရှိ တစ်ဦးက ရုရှား၏စစ်ဆင်ရေးကြောင့် အနည်းဆုံး ရုရှားစစ်သည် ၇,၀၀၀ မှ ၁၅,၀၀၀ ကြား သေဆုံးနိုင်ပြီး သေဆုံး။ ဖမ်းဆီးခံ။ ဒဏ်ရာရ။ ပျောက်ဆုံးဦးရေ ၄၀,၀၀၀ အထိ ရှိနိုင်ကြောင်း၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားတို့အတွက် ဆုံးရှုံးမှုအများဆုံး စစ်ဆင်ရေးဟု ခန့်မှန်းခဲ့သည်။

အချို့သော စစ်ရေးစစ်ရာ ကျွမ်းကျင်သူများကမူ ရုရှား၏ စစ်ပွဲကဏ္ဍသစ်တစ်ရပ် အပြောင်းအလဲ ကြေညာချက်သည် မြို့တော်ကိယက်ဗ်ရှိ ယူကရိန်းခုခံသူများကို အပြင်သို့ ပ,ထုတ်နိုင်ရန် ခင်းကျင်းလိုက်သော စစ်ရေးပရိယာယ်ဟု ယူဆကြသည်။ ဘာလင်အခြေစိုက်၊ SWP ဉာဏ်ကြီးရှင်အဖွဲ့မှ ဆာဘိုင်းဖစ်ရှာက “ပူတင်ဟာ ကိယက်ဗ်မှာ အစိုးရအပြောင်းအလဲလုပ်ဖို့ အိုင်ဒီယာကို နိဂုံးချုပ်လိုက်ပြီလို့ ကျွန်တော်တော့ မထင်ဘူး”ဟု သတိပေးခဲ့သည်။ ကိယက်ဗ်ပတ်ဝန်းကျင်တွင် မတ်လ ၂၇ ရက်အထိ ပေါက်ကွဲသံများကြား နေရသည်။ မတ်လ ၂၈ ရက်၊ နံနက်အစောပိုင်း၌ ရုရှားတပ်များ ၀ိုင်းထားသည့်ဧရိယာမှာ ၂၄ နာရီအတွင်း ‘ထူးခြားသည့်လက္ခဏာ´ အပြောင်းအလဲမရှိကြောင်း ဗြိတိန်ထောက်လှမ်းရေး သတင်းများအရ သိရသည်။ “ကိ ယက်ဗ်ကို ထိထိရောက်ရောက် ထိုးစစ်ဆင်နိုင်မယ့် သူတို့ရဲ့ ခြိမ်းခြောက်မှုဟာ အသင့်ဖြန့် ကြက်လျက်ရှိဆဲပဲ”ဟု အနောက်တိုင်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှား၏ မဟာဗျူဟာ အရွှေ့အပြောင်းအချို့ကိုမူ မြေပြင်တွင် မြင်တွေ့ရပါသည်။

 

စစ်ဆင်ရေး၏ သဲလွန်စများကို လေ့လာ နေသူ၊ Rochan အတိုင်ပင်ခံအဖွဲ့မှ ကွန်ရက်ဒ် မူဇီကာက ‘စစ်အပန်းဆုံး နွမ်းနယ်သည့်တပ်များ´ကို အင်အားဖြည့်တင်းနိုင်ရန် ရုရှားသို့ပြန်ပို့ထားကြောင်း ပြောကြားခဲ့သည်။ ဥပမာပြစရာအဖြစ် ဂြိုဟ်တုဓာတ်ပုံများအရ ဟော့စ်တိုမယ်လေဆိပ်၌ ရုရှားတပ်များကို မတွေ့ရပါ။ မတ်လ ၂၅ ရက်၊ အမေရိကန်ကာကွယ်ရေးဌာန၏ အစီရင်ခံချက်အရ သွေးအေးနေသော ကိယက်ဗ်မြို့အပြင်ဘက်ရှိ ရုရှားတပ်များသည် ‘ခုခံနိုင်သော အနေအထားတစ်ရပ်ကို ပြင်ဆင်သည့်´အနေနှင့် ဘန်ကာကျင်းများ ‘တူးဖော်´နေကြောင်း၊ မြို့တွင်းသို့ ဝင်ရောက်နိုင်ရန် ပြင်ဆင်နေကြောင်း ထုတ်ပြန်ခဲ့သည်။ မတ်လ ၂၈ ရက်တွင် ရုရှားတို့သည် ချာနီဟစ်ဗ်အရှေ့မြောက်ပိုင်း၊ စနော့ဗ်မြစ်ကို ဖြတ်ကူးသော တံတားအပါအ ဝင် တံတားများစွာကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များက အခိုင်အမာ ပြောဆိုခဲ့သည်။

တစ်ချိန်တည်းတွင် ရုရှားသည် ဒွန်ဘတ်စ်ဒေသကို ယခင်သီတင်းပတ်ကထက် ပိုမိုအရှိန်မြှင့်ကာ ဦးစားပေး တိုက်စစ်ဆင်လျက်ရှိသည်။ အနောက်အုပ်စု၏ ပြောကြားချက်အရ ဂျော်ဂျီယာနှင့် ကလီနင်ဂရက်မှတပ်ဖွဲ့များ၊ Wagner အုပ်စုမှ တိုက်ခိုက်ရေးသမားများ၊ အခြားကြေးစားတပ်ဖွဲ့များ အဆိုပါဒေသ၌ တပ်ဖြန့်နေရာယူထားသည်ဟု ဆိုပါသည်။ ခါကိဗ်မြို့၏ အရှေ့တောင်ဘက် ၁၂၅ ကီလိုအကွာရှိ အစ်ဇ်ယွမ်မြို့ တောင်ဘက်မှ ရုရှားတပ်များသည် မြောက်ဘက်ရှိ ဇာပိုရီဇဟီးယားမြို့ဆီသို့ ချီတက်လျက်ရှိ သည်။  စုပေါင်းစစ်ဆင်ရေးတပ်ဖွဲ့များ (Joint Forces Operation –JFO) ဟု ယူကရိန်းတို့က ဆိုခဲ့ပြီး၊ ရည်ရွယ်ချက်မှာ ဒွန်ဘတ်စ်တွင် တိုက်ခိုက်နေသော ယူကရိန်းတပ်များ ဒီနီပါးမြစ်ကို ကျော်လွန်ကာ အနောက်ဘက်ကမ်းသို့ ကူးလာမည့်အရေး တားဆီးရန်ဖြစ်သည်။

ရုရှားအနေနှင့် ဤစစ်ဆင်ရေးကို အောင်မြင်ရန် မည်သည့်အာမခံချက်မျှ မရှိပါ။ ထောက်ပ့ံရေးနှင့် ပို့ဆောင်ရေးလက်တန် ကျယ်ပြောလာလေလေ၊ ခါကိဗ်နှင့် အစ်ဇ်ယွမ်သို့ ပ့ံပိုးနိုင်မှု အရှိန်လျော့သွားလေလေ ဖြစ်လာသည်။ ယူကရိန်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုကလည်း အဆိုပါမြို့နှင့် အခြားနေရာများတွင် ပေါ်ပေါက်လျက်ရှိသည်။ ရုရှား၏ မြောက်ဘက်အကျဆုံး ထိုးစစ်ဆင်ရာမှာ ဟူလီအိုင်ပိုးလ်ဖြစ်ပြီး၊ စနစ်တကျ ချီတက်သိမ်းပိုက်နိုင်ခဲ့သော် မစ္စတာဇယ်လင်စကီးအတွက် အကြီးမားဆုံးထိုးနှက်ချက် ဖြစ်လာလိမ့်မည်။ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုမှ ဘင်ဘယ်ရီ က “မေရီယူပိုးလ်မြို့ကြီး ကျ,မကျဟာ အများ ကြီး အဆုံးအဖြတ်ပေးသွားလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ရုရှားအနေနှင့် ဒွန်ဘတ်စ်ကို လုံးလုံးလျားလျား အောင်မြင်မည်ဆိုလျှင် ကိယက်ဗ်၌ မင်းပြောင်းမင်းလွဲ မလုပ်နိုင်ခဲ့သော အရှုံးကို ထေမိမည်ဖြစ်သည့်အပြင် ထွက်ပေါက် မဟာဗျူဟာကိုပါ ခင်းကျင်းပြီးဖြစ်သွားမည်။ ဤစစ်ပွဲမတိုင်မီက ဒွန်ဘတ်စ်ဒေသ၏ သုံးပုံတစ်ပုံခန့်သာ ရုရှား၏ သြဇာခံဖြစ်ခဲ့ရာမှ ယခုအခါ တစ်နယ်လုံးသာမက မေရီယူပိုးလ်ကို သိမ်းပိုက်နိုင်ခဲ့လျှင် အဇော့ဗ်ပင်လယ်သို့သွားရာ ယူကရိန်း၏ ဆိပ်ကမ်းထွက်ပေါက် အားလုံးကို ပိတ်ထားပြီးဖြစ်သွားမည်။ မေရီ ယူပိုးလ်သည် ရုရှားက ‘နာဇီများကို ချေမှုန်း ရန်´ (De-Nazifying)ဟု ရည်ညွှန်းခဲ့သော ယူကရိန်း SS တပ်ဖွဲ့များ အခြေစိုက်ရာ ဇာတိမြို့ဖြစ်သည်။ ရုရှားအနေနှင့်  ခရိုင်းမီးယားမှသည် မေရီယူပိုးလ်ကို ဖြတ်သန်းသော ကုန်းလမ်းထွက်ပေါက်ကြီး တစ်ခုလုံး ဒွန်ဘတ်ဒေသ၏ အနောက်ပိုင်း၌ ရရှိသွားရန် မျှော်လင့်နိုင်ဆဲဖြစ်သည်။

ဤနယ်နိမိတ်အတွက် ရုရှားတို့ မည်သို့တွေးတော ဆောင်ရွက်သွားမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ ရွေးချယ်ရန် နည်းလမ်းတစ်ခုမှာ မစ္စတာ ဇယ်လင်စကီးထံသို့ ယူကရိန်း၏ နိုင်ငံခြားရေးမူဝါဒ ကန့်သတ်ချက်နှင့် အခြား လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်မျိုး ဖြစ်သည်။ သို့သော် ရုရှားသည် သမ္မ တနိုင်ငံသစ် နှစ်နိုင်ငံကို အသိအမှတ်ပြုခဲ့ပြီး၊ “ယူကရိန်းအနေနဲ့ ဒီနယ်နိမိတ်တွေအကြောင်း ပြောစရာမလို”ဟု ရုရှားလုံခြုံရေးကောင်စီ၏ ဒုဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ဖေဖော်ဝါရီ ၂၁ ရက်၌ ပြောကြားခဲ့ပြီး ဖြစ်သည်။

နောက်ထပ် ရွေးချယ်ရန်မှာ ထိုနယ်များကို ရုရှားက အပြီးတိုင်သိမ်းပိုက်ပြီးနောက် နိုင်နင်းစွာ စီမံအုပ်ချုပ်ရန် ကရင်မလင်အနေနှင့် မစွမ်းဆောင်နိုင်ခြင်းမျိုး ဖြစ်လာနိုင်သည်။ တတိယနည်းလမ်းမှာ မိုလ်ဒိုဗာရှိ ထရန်စ် နစ္စတီးရီးယား၊ ဂျော်ဂျီယာရှိ တောင်အိုဆက် တီးယားနှင့် အက်ခါဇီးယား နယ်မြေများကဲ့သို့ ရုရှားတပ်ဖွဲ့များ နှစ်ရှည်လများ တပ်စွဲထားကာ ရုပ်သေးအစိုးရ တင်ထားပုံမျိုး ဖြစ်သည်။ ယူကရိန်း ထောက်လှမ်းရေး အကြီးအကဲ ကိုင်ရီလိုဘူဒါနော့ဗ်က ရုရှား၏ ရည်မှန်းချက်ပန်းတိုင်သည် “တောင်နှင့်မြောက်ကိုရီးယားကဲ့သို့ ယူကရိန်းကို နှစ်ခြမ်းခွဲပစ်ရန်”ဟု ပြောကြားခဲ့သည်။

စစ်ပွဲ၏အဆုံးသတ် မည်သို့ပင်ဖြစ်စေ ဒွန်ဘတ်စ်နှင့်ပတ်သက်သော စစ်မဟာဗျူဟာမှာ အရှုံးတွေ့ခဲ့ရသည်ဟု ဆိုရမည်။ ယူကရိန်းနယ်မြေ အတော်များများကို ဝင်ရောက်သိမ်းပိုက်မှုကြောင့် (ယခင် ဂျော်ဂျီယာ နှင့် မိုလ်ဒိုဗာအလား) ၂၀၁၄ ခုနှစ်ကကဲ့သို့ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ဒဏ်ခံနိုင်စွမ်းမျိုး လက်ရှိရုရှား၌ မရှိပါ။ မတ်လ ၂၅ ရက်၌  The Economist နှင့် တွေ့ဆုံရာတွင် မစ္စတာ ဇယ်လင်စကီးက “ကျွန်တော်တို့ရဲ့ နိုင်ငံနယ်နိမိတ်ဟာ အရေးအကြီးဆုံး အန္တိမပါ”ဟု ဖြေကြားခဲ့၏။ နောက်ထပ်နှစ်ရက်အကြာတွင် “ရုရှားအနေနဲ့ (ဒွန်ဘတ်စ်ဒေသကနေ) အပြည့်အဝထွက်ခွာသွားဖို့ မဖြစ်နိုင်မှန်း ကျွန်တော်နားလည်တယ်၊ အဲဒါဟာ တတိယ ကမ္ဘာစစ်ထိ ဦးတည်သွားနိုင်တယ်”ဟု သတင်းထောက်များကို ပြောကြားသည်။

သို့သော်လည်း မစ္စတာ ဇယ်လင်စကီးအနေနှင့် မည်မျှပင် လူကြိုက်များနေသည်ဖြစ်စေ၊ ရုရှားတို့ ၂၀၁၄-၁၅ ခုနှစ်များက တိုက်ခိုက်သဖြင့် စွန့်လွှတ်ခဲ့ရသော နယ်မြေများအား အပြီးတိုင် လက်လျှော့လိုက်ရန် သူ့တိုင်းသူပြည်သား အားလုံးကို ဖျောင်းဖျနိုင်စွမ်း မရှိပါ။

ပိုမိုကျယ်ပြန့်သော ဒွန်ဘတ်စ်နယ်မြေများကို ရုရှား၏သိမ်းပိုက်မှုသည် ပေးဆပ်ရသည့်တန်ဖိုး ကြီးမားလှသည်။ အနောက်အုပ်စု၏ လက်နက်အထောက်အပ့ံရရှိသော ယူကရိန်းတပ်ဖွဲ့များမှာ ရုရှားတို့ကို ယုံကြည် ချက်အပြည့်ဖြင့် ပြန်လည်တွန်းလှန်ရုံမျှမက အချို့သောဆိပ်ကမ်းမြို့များရှိ ရုရှားတပ်များကို အပြီးအပိုင်  တိုက်ထုတ်ရန်အထိ စိတ်အား ထက်သန်လျက်ရှိသည်။ အနောက်နိုင်ငံများအဖို့ ယူကရိန်း၏ တောင့်ခံနိုင်စွမ်း၊ သွေးစည်း ညီညွတ်ခြင်းနှင့် ကျူးကျော်သူအပေါ် တွန်းလှန်မှု နမူနာကောင်းအဖြစ် အ့ံအားသင့်ခဲ့ရပြီး ပိတ်ဆို့ကန့်သတ်မှုဆန်ရှင်များကို တိုးမြှင့်အချိန်ဆွဲပေးခြင်းဖြင့် ရုရှား၏စီးပွားရေးကိုအထိ နာစေသည်။ S&P

 ၏ တွက်ချက်မှုအရ ရုရှား၏ဂျီဒီပီသည် ယခုနှစ်အတွင်း ၂၂ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကာ လွန်ခဲ့သော ၁၅ နှစ်က အနေအထားသို့ ပြန်လည်ဆိုက်ရောက်သွားမည်ဟု ခန့်မှန်းထားသည်။

သမိုင်း၏ ပဥ္စလက်ဆန်သော သရော်ချက်တစ်ခုအဖြစ် မစ္စတာပူတင်သည် ဤစစ်၏အစ၌ ဒွန်ဘတ်ဒေသ တစ်ခုတည်းကိုသာ ကန့်သတ်စစ်ပြုခဲ့သည်ရှိသော် အနောက်နိုင်ငံများအကြား အုပ်စုကွဲသွားနိုင်သကဲ့သို့ ယခုကဲ့သို့ ပြင်းထန်သော ဒဏ်ခတ်မှုမျိုးကိုလည်း ရှောင်ရှားသွားနိုင်မည့်ဖြစ်သည်။ ယခုတော့ ကရင်မလင်သည် စွန့်ပစ်ရမည်မှာလည်း အဆီနှင့် တဝင်းဝင်း၊ စားရမည်မှာလည်း သဲနှင့် တရှပ်ရှပ်” ဖြစ်နေပေပြီ။ မေရီယူပိုးလ်ကို အပိုင်သိမ်းမည်လော သို့မဟုတ် ရုရှားစီးပွားရေးကို ပြန်ငဲ့မည်လော။          ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Most Read

Most Recent