ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်းကို အခြေပြုသော ယူကရိန်းဂိမ်း

ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်းကို အခြေပြုသော ယူကရိန်းဂိမ်း
Photo : Asian Investor
Photo : Asian Investor
Published 27 March 2022
မိုးဧအောင်

သမိုင်းခရီးတစ်လျှောက် လူသားတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာခြင်းမှသည် အမှတ်အသ ားသရုပ်လက္ခဏာများ၊ ဓလေ့ထုံးစံများ၊ စုဖွဲ့နေထိုင်ခြင်းများ၊ ကိုးကွယ်ရာများ၊ ဒေသကန့်သတ်ချက်များ၊ အသားအရောင်မတူ ခြားနားမှုများ စသည့်ကွဲပြားခြားနားမှုများစွာကို အဖုံးအဖိ၊ အပေါင်းအစပ်၊ အရောအနှော၊ အကန့်အသတ်များနှင့်အတူ ၂၁ ရာစုဆီ သို့ ခရီးဆက်လျက်ရှိဆဲဖြစ်သည်။ လူသားတို့တီထွင်ခဲ့သော ကျောက်လက်နက်အစ၊ စူးဆောက် ကိရိယာ အလယ်၊ အဏုမြူနှင့်ဟိုက်ပါဆောနစ်လက်နက်များအဆုံး၊ လောကဇာတ်ခုံ၏ ကောင်းဆိုးနှစ်တန်ကို သက်ရောက်နိုင်စွမ်းအားကြီးလှသည်။

လူကိုသတ်မည့်လက်နက်များကို လူသားကပင် တီထွင်အဆင့် မြှင့်ရင်း လူ့အဖွဲ့အစည်းအတွက် ပြဿနာများစွာသယ်ဆောင်လာသည်။ မှန်မမှန်၊ သင့်မသင့်၊ ကြောင်း ကျိုးဆီလျော်မဆီလျော်၊ တရားမတရား၊ မျှတမမျှတ၊ လွတ်လပ်မလွတ်လပ်စသောတန်ဖိုးချင့်တွက်ရာပေတံ၊ ချိန်ခွင်များကို ကိုယ့်အုပ်စုနှင့်ကိုယ်၊ ကိုယ်တိုင်သဘောကျနှစ် ခြိုက်လိုလားစွာကိုင်ဆောင်ကြရင်း ယမ်းငွေ့နံစော်သော၊ ကျည်သံမဆိတ်သော၊ သွေးသံမတိတ်သော ကမ္ဘာကြီးတစ်ခုအတွင်း လူသားဆိုသောအဆင့်မြင့်ယဉ်ကျေးသည့် သတ္တဝါများ ရှင်သန်နေထိုင်လျက်ရှိကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီးအတွက် မည်သို့မျှပြောင်းလဲ၍မရသော ပေးထားချက် အစစ်အမှန်မှာ “တည်နေရာ” တစ်ခုတည်းသာဖြစ်၏။ နိုင်ငံတော်တည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးဆိုင်ရာကျန်”ကိန်းရှင်များ”ကို လိုအပ်ချက်အရဖြစ်စေ၊ စိတ်ခံစားချက်အရဖြစ်စေ၊ အများသဘောတူညီချက်အရဖြစ်စေ ပြောင်းလဲကျင့်သုံးနိုင်သော်ငြား “တည်နေရာ”ဟူသည် အရွှေ့အပြောင်း၊ အလဲအထပ်လုပ်၍ မရသော “ကိန်းသေစစ်စစ်” ဖြစ်သည်။

အလားတူ ၂၁ ရာစု၏ကာလ သတ်မှတ်ချက်အတွင်း ဖြစ်တည်လျက်ရှိသော နိုင်ငံအသီးသီးအနေနှင့်မိမိ၏အချုပ်အခြာအာဏာပိုင်နယ်နိမိတ်တွင်နေထိုင်ကြသော လူဦးရေ၏လူမျိုးစု သို့မဟုတ် တိုင်းရင်းသား သို့မဟုတ်မျိုးနွယ်စု အသီးသီး၏ လာရာရင်းမြစ်ကို ဥပေက္ခာ ပြု၍မရပါ။ လစ်ဘရယ်ဒီမိုကရေစီထွန်းကားရာ အမေရိကန်ပြည်ထောင်စုအနေနှင့် ‘အမေရိကန်လူမျိုး’ မရှိသော်ငြား ကျန်ကမ္ဘာ့နိုင်ငံ အသီးသီးမှာနိုင်ငံ့အမည်နှင့် ယှဉ်တွဲလျက်သမိုင်းကြောင်းကြီးသော လူမျိုးအသီးသီး ရှင်သန်ရပ်တည်လှုပ်ရှားနေကြသည်မှာ ပကတိအရှိတရားပင်ဖြစ်သည်။ ဒီမိုကရေစီ၏ဘိုးအေဟု ရည်ညွှန်းခံရသော ဗြိတိန်။ အင်္ဂလန်ကျွန်းစု၌ပင်လျှင် အင်္ဂလိပ်၊ ဝေလ၊ အိုင်းရစ်၊ စကော့၊ ကောနစ်ရ်ှဆိုသော လူမျိုးစုဆိုင်ရာ ဇာတိပုညဂုဏ်မာနများရှိခဲ့ကြ၊ ရှိနေကြဆဲဖြစ်သည်။

တိုင်းပြည်နိုင်ငံတစ်ခု၏ဖြစ် တည်မှုကို သီဝရီအရပြန်လည်ခြေ ရာခံသော် အချုပ်အခြာအာဏာဟူ သည်နယ်နိမိတ်၊ လူဦးရေနှင့် အစိုးရ ၏ပေါင်းစည်းမှုပင်ဖြစ်ပါ၏။ တူညီသော (အာဏာသက်ရောက်ရာ) နယ်နိမိတ်အတွင်း (မျိုးနွယ်) မတူညီသောလူဦးရေများ စုစည်းမိခြင်းသည်လည်းကောင်း၊တူညီသော (မျိုးနွယ်) လူဦးရေများမတူညီသော (အာဏာပိုင်) နယ်နိမိတ်အတွင်း ရောက်ရှိနေကြခြင်းသည်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေး၏ပြဿနာများစွာကိုဖြစ်ပေါ်စေသည်။ တစ်ဖန် ယခုကဲ့သို့သော လက်တွေ့အရှိတရားများနယ်မြေ၊ နယ်နိမိတ်ချင်းကပ်လျက်တည်ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံနှစ်နိုင်ငံ၌ ဖြစ်တည်နေလျှင်ပို၍ပင်ပြဿနာ ကြီးတတ်ပါသည်။

ထိုသို့သောပကတိအရှိတရားပေါ်၌ ၁၉ ရာစုနှင့် ၂၀ ရာစုကူးပြောင်းစကာလကမ္ဘာတွင် အပြိုင်းအရိုင်း ခေတ်စားနေရာယူခဲ့သောဆို ရှယ်လစ်။ ကွန်မြူနစ်ဝါဒ၏ရိုက်ခတ်သိမ်းသွင်းချက်အရ ၀ါဒတစ်ရပ်၏ ယုံကြည်ချက်အလံတော်အောက်ဝယ် အချုပ်အခြာအာဏာများ ပူးပေါင်းဖြည့်စွက်ခဲ့ကြခြင်း၊ ၂ဝရာစုအနှောင်းပိုင်း၌ဝါဒရေးရာပြိုလဲမှုနှင့်အတူ “လူလုပ်ပြည်ထောင်စုကြီးများ” ပြိုကွဲကြခြင်းက တစ်ပူပေါ် နှစ်ပူဆင့်စေခဲ့သည်။

ဤသည်မှာ၂၀၂၂ ခု ဖေဖော်ဝါရီ ၂၄ ရက်၌စတင်ဖြစ်ပွားခဲ့သော ရုရှား-ယူကရိန်းစစ်ပွဲ၏အထင်ကရ နောက်ခံကားချပ်ဟု ဆိုနိုင်ပါသည်။

 

ရုရှား-ယူကရိန်း ပထဝီနှင့် သမိုင်း

ရုရှားနှင့်ယူကရိန်းတို့သည် ဥရောပတိုက်အရှေ့ပိုင်းရှိ နယ်နိမိတ်အရှည်အလျား ၁,၉၇၄ ကီလိုမီတာ (၁,၂၂၇ မိုင်) ဆက်စပ်နေသော နိုင်ငံနှစ်နိုင်ငံဖြစ်သည်။ ရုရှားနှင့် ဆက်စပ်နေသော ကုန်းမြေအလျားမှာ ကျန်နိုင်ငံများနှင့် ယှဉ်သော် ယူကရိန်းအတွက် အရှည်ဆုံးနယ်စပ်ဖြစ်ပြီး ယူကရိန်း၏ ရေကြောင်း ထွက်ပေါက် အဇော့ဗ်ပင်လယ်သို့တိုင် အရှေ့တောင်ဘက်သို့ သွယ်တန်းနေသည်။ တစ်ဖန်ယူကရိန်း၏ ပထဝီဝင်အရ ကုန်းမြေပိုင်း ၉၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံ၏အလယ်မြောက်ဘက်မှအနောက်တောင်သို့ စီးဆင်းနေသော ၉၈၁ ကီလိုမီတာ (၆၁၀ မိုင်) ရှည်လျားသည့် ဒီနီပါးမြစ်နှင့် အဇော့ဗ်ပင်လယ်၊ ပင်လယ်နက် အပါအဝင် ရေကြောင်းနယ်နိမိတ်မှာ လေးရာခိုင်နှုန်းသာရှိသည်။

ယခုကဲ့သို့ရုရှားဘက်ကပြုခဲ့သော အထူးစစ်ဆင်ရေး၊ တစ်နည်းအားဖြင့် ယူကရိန်းဘက်က ကျူးကျော်စစ်ဟု မှတ်တမ်းဝင်သွားသော ရုရှား-ယူကရိန်းစစ်ပွဲသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဥရောပ၌ကြီးမားသော စစ်ပွဲကြီးတစ်ခုဖြစ်သည်။ ဤစစ်ပွဲကို နားလည်နိုင်ရန်လွန်ခဲ့သောနှစ်ပေါင်း ၁,၃၀၀ တိုင်အောင် သမိုင်းလက်တံကို နောက်ကြောင်းပြန်ကာ ဆန့်ထုတ်ကြရမည်။

ဤနှစ်နိုင်ငံလုံး၏ တူညီသော ကနဦးအစမှာ ခရစ်နှစ် အေဒီ-  ၈၀၀ ဝန်းကျင်က အလယ်ခေတ် ပဒေသရာဇ်နိုင်ငံတော် ကယီဗန်ရပ်စ် (KyivanRus) ပင်ဖြစ်သည်။ ဥရောပမြောက်ပိုင်းမှ ရွှေ့ပြောင်း  လာကြသော စကင်ဒီနေဗီးယန်းအုပ်စုများကို အခြေခံသည့်ဗိုက်ကင်းများ၏ ရှစ်ရာစုအတွင်းက ယီဗန်ရပ်စ်နိုင်ငံတော် အာဏာသက်ရောက်ရာ ပိုင်နက်နယ်မြေသည် ယနေ့ ရုရှားနှင့် ယူကရိန်းဖြစ်လာခဲ့ပြီး ထိုနိုင်ငံတော်အတွင်း နေထိုင်ခဲ့ကြသော ဆလပ်ဗ်အနွယ် ဘိုးဘေးဘီဘင်များမှ ယနေ့ရုရှားလူမျိုးနှင့် ယူကရိန်းလူမျိုးတို့ ဆင်းသက်လာခဲ့သည်။ ထိုရာဇဝင်ထဲတွင် ရွှေနန်းတော်တည်ရာမှာ ကိယက်ဗ်ဖြစ်ပြီး ယနေ့ယူကရိန်း၏မြို့တော်ဖြစ်သကဲ့ သို့လက်ရှိ ရုရှား၏မြို့တော်မော်စကိုမှာလည်း ကယီဗန်ရပ်စ်၏ နယ်နိ မိတ်အတွင်း ပါဝင်ခဲ့သည်။

ကယီဗန်ရပ်စ်သည် အေဒီ- ၁၂၄၀ ၌ အာရှတိုက်မှ ဝင်ရောက်လာခဲ့သော မွန်ဂိုတပ်မကြီး၏သိမ်း ပိုက်ခြင်းခံရကာ အကွဲကွဲအပြား ပြားဖြစ်သွားခဲ့ရသည်။ မွန်ဂိုတို့၏အုပ်ချုပ်ရေးဖွဲ့စည်းမှုအောက်ဝယ် ယနေ့ယူကရိန်းနှင့် ပိုလန်နိုင်ငံတို့၏ နယ်နိမိတ်များအဖြစ် လမ်းစပေါ်လာပြီး ကိယက်ဗ်မှာ အသစ်ဖွဲ့လိုက်သော ဓနသဟာယ၏အစိတ်အပိုင်း ဖြစ်လာသကဲ့သို့ မော်စကိုမှာလည်း မွန်ဂိုအင်ပါယာအတွင်း ဒေသန္တရမြို့တော်တစ်ခုဖြစ်လာခဲ့၏။ ကိယက်ဗ်နှင့် မော်စကိုသည် ဥရောပနှင့် အာရှတိုက်ဖြတ်လမ်း၏အကြားတည်ရှိကြပြီး မတူညီသောပထဝီဝင်ကိုအခြေခံပြုလျက် ကွဲပြားခြားနားသော ထုံးတမ်းဓလေ့များနှင့် ကြီးထွားလာခဲ့ကြသည်။

၁၅ ရာစုနှစ်များတွင်ကယီဗန်ရပ်စ်မင်းဆက်မှ သက်ဆင်းလာသော မင်းညီမင်းသားများက မော်စကိုကို ဗဟိုပြုလျက်ရုရှားအင်ပါယာကို တည်ထောင်ခဲ့ကြသည်။ ၁၆၅၄ ခုနှစ်သို့ရောက်သော် ကိယက်ဗ်နှင့် ယူကရိန်းပြည်သူများရော၊ အခြား ဆက်စပ်ရာ အာရှနှင့် ဥရောပနယ် မြေများပါ ထိုရုရှားဧကရာဇ်နိုင်ငံတော်အတွင်း ပါဝင်သွားခဲ့သည်။

ရုရှားဧကရာဇ်နိုင်ငံတော် အတွင်းရှိ လူဦးရေအများစုက အလယ်ခေတ်တစ်လျှောက် အတူတကွ ရှင်သန်နေထိုင်ခဲ့ကြသော ယူကရိန်းတို့ကို ရုရှားတို့၏သွေးရင်း ညီနောင်များအဖြစ် ရှုမြင်ခဲ့ကြသည်။ သို့သော် ယူကရိန်းတို့ကမူ သူတို့လူမျိုးနှစ်မျိုးသည်တူညီသော ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုနှင့် သမိုင်းဖြတ်သန်းမှုအချို့ရှိခဲ့ကြသည့်တိုင် အစားအသောက်၊ ဘာသာစကား၊ အနုပညာနှင့် ဂီတ တို့မှာ တစ်သီးတစ်ခြားစီသာဖြစ်ကြောင်း ထောက်ပြကြသည်။

၁၉၁၇ ခု မဟာအောက်တိုဘာတော်လှန်ရေးကြီးက ဇာဘုရင် ဒုတိယမြောက်နီကိုလပ်စ်ကို ဖြုတ်ချခဲ့ပြီး ဆိုဗီယက်ယူနီယံတည်းဟူသော အင်ပါရာသစ်ကြီးပေါ်ထွန်းလာသည်။ ထိုအချိန်က ယူကရိန်း အချို့သည် ဆိုဗီယက်ယူနီယံအတွင်းမဝင်လိုကြဘဲ သီးခြားနိုင်ငံအဖြစ် ဖွဲ့စည်းတည်ထောင်ရန် အားသန်ခဲ့ကြသည်။ သို့သော် ဤလှုပ် ရှားမှုများမှာ ဆိုဗီယက်တို့၏ဖိနှိပ်မှုအောက်ဝယ် “နေလာနှင်းပျောက်” ဖြစ်ခဲ့ကြရပြီး ဆိုဗီယက်ယူနီယံ၏ပြည်ထောင်စုဝင် “ယူကရိန်းဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ” အဖြစ် ရောက်ရှိသွားခဲ့ရသည်။ အစပိုင်း၌ယူကရိန်းတို့ကို သူတို့၏ကိုယ်ပိုင်ဓလေ့ထုံးတမ်း ကျင့်သုံးခွင့်နှင့် ကိုယ်ပိုင်ဒေသန္တရအစိုးရအဖြစ် ခွင့်ပြုခဲ့သော်ငြားနောက်ပိုင်းတွင်မူ ယူကရိန်းတို့၏ ကိုယ်ပိုင်လွတ်လပ်ရေး ရယူလိုမှုကြောင့် အာဏာအထိန်းအကွပ်များပြုလာခဲ့၏။

၂၁ ရာစုတိုင်ဆက်လက်ဖြစ်တည်ခဲ့သော “ခြောက်အိပ်မက်”တစ်ခုမှာ ခရိုင်းမီးယားကိစ္စဖြစ်သည်။ စတုရန်းမိုင်ပေါင်း ၁၀,၀၀၀ ကျယ်ဝန်းပြီး အဇော့ဗ်ပင်လယ်နှင့်ပင်လယ်နက်တို့ ဝန်းရံထားရာ ခရိုင်းမီးယားကျွန်းဆွယ်ကို ၁၉၅၄ ခုနှစ်၌ ဆိုဗီယက်ခေါင်းဆောင် နီကီတာခရူးရှက်က ယူကရိန်းဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ပိုင်နက်အတွင်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

၁၉၉၁ ခုနှစ်၌ ဆိုဗီယက်ယူနီယံပြိုကွဲခဲ့သည်။ ထိုအခါ ရုရှားရော၊ ယူကရိန်းပါ လွတ်လပ်သော သမ္မတနိုင်ငံများဖြစ်သွားကြသည်။ ၂၀၁၃  ခုနှစ်၌လွတ်လပ်သော ယူကရိန်း၏သမ္မတဖြစ်ခဲ့သူ ဗစ်တာယန်နူကိုဗစ်သည် ရုရှားအပေါ်ပိုမိုလိုလားခဲ့သူဖြစ်၍ ဥရောပနိုင်ငံများနှင့်ကုန်သွယ်ရေးစာချုပ်တို့ကို လက်မှတ်ရေးထိုးခြင်းမပြုခဲ့ပါ။ ထိုအခါ ယူကရိန်းတို့၏ လူထုဆန္ဒပြပွဲများက ယန်နူကိုဗစ်အား နုတ်ထွက်သွားစေခဲ့ပြီး ဥရောပနှင့်ပိုမိုနီးစပ်သော အစိုးရတစ်ရပ်ကို ရွေးချယ်ခဲ့ကြသည်။ လက်ရှိသမ္မတ ဗိုလိုဒီမာဇယ်လင်စကီးကို ရွေးချယ်ခဲ့ချိန်အထိ ယူကရိန်း၏ ဒီမိုကရေစီမှာ အခြေမခိုင်ဘဲ လှုပ်လီလှုပ်လဲ့ ခရီးဆက်နေခြင်းသာဖြစ်၏။

ယူကရိန်း၏ ပြည်ပချိန်ခွင်လျှာယိမ်းထိုးနေချိန် တစ်လျှောက်လုံး ရုရှားနိုင်ငံသမ္မတအဖြစ် ဗလာဒီမာပူတင် အုပ်ချုပ်နေချိန်ဖြစ်သည်။ပူတင်သည် ကိယက်ဗ်၌ ပေါ်ပေါက်ခဲ့သော ယူကရိန်းဆန္ဒပြပွဲများအတွက် ဘဝင်ကျကျ လက်ခံရန် ခက်ခဲခဲ့သည်။ ထို့ပြင် ယူကရိန်းသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၏ စစ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့လျှင် ရုရှား၏ လုံခြုံရေးအားခြိမ်းခြောက်လာမည်ကို သမ္မတပူတင်စိုးရိမ် ပူပန်လာသည်။

 

ပထဝီဝင်နိုင်ငံရေး နိဒါန်း

နိုင်ငံတကာဖြစ်ရပ်များကို စေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ၀ါဒရေးရာကျင့်သုံးမှုတို့မှာ အသံကျယ်ကျယ်ထွက်ပေါ်နေသော်ငြား မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား  (National Interest) ကိုသာ ဦးစားပေးလုပ်ဆောင်ကြခြင်းဖြစ်သည်။ ဤသည်မှာ အစစ်အမှန်နိုင်ငံရေး (Realpolitik) ၏ လက္ခဏာပင် ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော ]တည်နေရာကိန်းသေ}နှင့် ပတ်သက်၍အမျိုးသားအကျိုး စီးပွားအခင်းအကျင်းကို ပုံဖော်ကြရာတွင်ထိုအချက်မှာ ကာယကံရှင် နိုင်ငံတစ်နိုင်ငံချင်းသာမက အဆိုပါ နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ် လျက်ရှိသော အိမ်နီးချင်းနိုင်ငံများကပါ အပြန်အလှန် အလေးဂရုပြုကြရမည့် အရေးကိစ္စဖြစ်သည်။

၁၉ ရာစုအတွင်း ပထဝီနိုင်ငံရေး၏ ခေါင်းကိုင်ဖခင်ဖြစ်သူ ဆာဟာဖို့မက္ကင်ဒါက ဥရောပနှင့် အာရှ ဆက်စပ်နေသည့် စတုရန်းမိုင် ၂၁ သန်းကျယ်ပြန့်သော ကွင်းပြင်ကျယ်ကြီးကို ”နှလုံးသားသဖွယ်အရေးပါ သောနယ်မြေ” ဟု ခေါ်ဆိုခဲ့သည်။ ထိုနှလုံးသားနယ်မြေကို ၁၉၀၄ ခုနှစ်၌ တစ်ကြိမ်၊ ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်၌ဒုတိယအကြိမ်၊ ဒုတိယကမ္ဘာစစ်အပြီး၁ ၉၄ရခုနှစ်၌ တစ်ကြိမ်ပြင်ဆင်ရေးဆွဲခဲ့သည်။

နှလုံးသားနယ်မြေအကျယ်အဝန်းထက် ပို၍အရေးကြီးသည်မှာ မက္ကင်ဒါ၏ ကမ္ဘာ့စိုးမိုးရေးဆိုင်ရာ  အယူအဆဖြစ်သည်။ သူက “အရှေ့ဥရောပကို အုပ်ချုပ်သူသည်နှလုံးသားမြေကို စိုးမိုးသည်။ နှလုံးသားမြေကို အုပ်ချုပ်သူသည် ကမ္ဘာ့ကျွန်းကြီးကိုစိုးမိုးသည်။ ကမ္ဘာ့ကျွန်းကြီးကို အုပ်ချုပ်သူသည်ကမ္ဘာကြီးကို စိုးမိုးသည်” ဟုရေးသားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာ၏လုပ်ဆောင်ချက်များ၊ ရုရှားကသူ၏အနောက်ဘက်ရှိနိုင်ငံများကို ကွန်မြူနစ်ဖြစ်အောင်လုပ်ခဲ့သည်များမှာ မက္ကင်ဒါ၏ ကမ္ဘာ့စိုးမိုးရေး အယူအဆကို ထင်ဟပ်ခဲ့ကြခြင်းဖြစ်သည်။

 

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီက ရုရှားကို ကျူးကျော်ခြင်း

ဒုတိယကမ္ဘာစစ်စတင်ချိန်၊ ၁၉၃၉ ခုနှစ် သြဂုတ်လအတွင်း ဂျာမနီသည် ဂျိုးဆက်စတာလင်ခေါင်းဆောင်သော ဆိုဗီယက်ယူနီယံနှင့်  “ဆယ်နှစ်အတွင်း မကျူးကျော်ရေးစာချုပ်”ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်စပိုင်း၌ဂျာမနီက ချက်ကိုစလိုဗက်ကီးယားအပေါ် လက်ရဲဇက်ရဲ သိမ်းပိုက်ထားသည်ကိုမြင်ရသော ပြင်သစ်နှင့်ဗြိတိန်တို့က ဤစာချုပ်ကို အံ့အားသင့်ခဲ့ကြ၏။ ဟစ်တလာအနေနှင့် ပိုလန်နိုင်ငံ၏ အနောက်ပိုင်းတစ်ဝက်ကို ဂျာမနီကသိမ်း၍ ကျန်အရှေ့ဘက်တစ်ခြမ်းကို ဆိုဗီယက်အတွက် ချန်ရစ်ထား သည်ဟုရှုမြင်နေကြဆဲမှာပင် ဂျာမနီ၏ဆိုဗီယက်ယူနီကိုသိမ်းပိုက်မည့် စစ်ဆင်ရေး (Operation Barbarossa) ကို ၁၉၄၁ ခုနှစ်၌ ဆင်နွှဲခဲ့လေတော့သည်။

ဟစ်တလာ၏ နောက်ထပ် အယူအဆတစ်ခုမှာလည်း လူဦးရေနှင့်နယ်နိမိတ်အပေါ်အခြေခံခဲ့သည်။ တိုးပွားလာသော ဂျာမန်လူဦးရေအတွက် လိုအပ်သော နယ်မြေကို ကျန်လူဦးရေသိပ်သည်းမှု နှုန်းထားနိမ့်ပါးသော သို့မဟုတ် လူနေကျဲပါးသောနိုင်ငံများထံမှ သိမ်းယူခြင်းသည် တရားမျှတသည်ဆိုသော အယူအဆဖြစ်သည်။ ထို့ကြောင့် ဥရောပ၌ ပြင်သစ်တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးချိန်၌ ဂျာမန် ပြည်သူများအတွက် နေထိုင်စရာ (Lebensraum) ရရှိရန် ဥရောပ အရှေ့ပိုင်းသို့ “မျက်စောင်းထိုး”ခဲ့သည်။ သူ့အာဘော်အရ ဖော်ပြရလျှင် “ဆိုဗီယက်ယူနီယံနှင့်ယင်း၏ကိုလိုနီနယ်မြေများကို ဂျာမနီက တိုက်ခိုက်သိမ်းပိုက်ရန်လိုအပ်ပြီး၊ အထူးသဖြင့် သဘာဝသယံဇာတပေါများကြွယ်ဝသော ယူကရိန်းကိုသိမ်းယူခြင်းဖြင့် (ဟစ်တလာ၏အမြင်အရ) မျိုးရိုးနိမ့်ပါးသော ဆလာဗစ် တိုင်းရင်းသားများ၏နေရာတွင် မြင့်မြတ်သော ဂျာမန် “အာရိယန်”များက နေရာယူသွားရန်” ဖြစ်သည်။

ဟစ်တလာသည် အနောက် ဥရောပကိုတိုက်ခိုက်စဉ်က လျှပ်တစ်ပြက်ဝင်ရောက်သိမ်းပိုက်ခြင်း (biltzkrieg) ဖြင့် အောင်ပွဲဆင်ခဲ့သည့်အတိုင်း အရှေ့သို့ စစ်ဆင်ရာတွင်လည်း ထိုအောင်မြင်မှုမျိုး မျှော်လင့်ခဲ့သည်။ ကမ္ဘာအနှံ့နယ်မြေများစွာကိုသိမ်းပိုက်ရရှိပြီးသည့်တိုင် မက္ကင်ဒါ၏အယူအဆဖြစ်သော “နှလုံးသားနယ်မြေ”ကို စိုးမိုးလိုသောဆန္ဒက သူ့အပေါ် သြဇာသက်ရောက်ခဲ့ပုံရ၏။ ၁၉၄၁ ခုနှစ် ဇွန် ၁၁ ရက်၌ ဂျာမနီတပ်ဖွဲ့အင်အား သုံးသန်းကျော်နှင့် ဝင်ရိုးတန်းအုပ်စုများကမိုင်ပေါင်း ၁,၈၀၀ ရှည်လျားသော ရှေ့တန်းစစ်မျက်နှာဖွင့်ကာ ဆိုဗီယက်ယူနီယံကို စတင်ကျူးကျော်ခဲ့လေသည်။ စစ်ပွဲသမိုင်းတစ်လျှောက် ဂျာမနီ၏အကြီးကျယ်ဆုံးသောနိုင်ငံတစ်ခုကို သိမ်းပိုက်ရန် အားထုတ်မှုဖြစ်ကာ ဂျာမနီတပ်မတော်၏တပ်ဖွဲ့အင်အား ရာခိုင်နှုန်း ၈၀ ကို အသုံးပြုခဲ့သည်။

ဂျာမန်တို့၏ တိုက်စစ်မှာ မြောက်ဘက်တွင် လီနင်ဂရက်၊ အလယ်ဗဟိုတွင် မော်စကို၊ တောင်ဘက်တွင် ယူကရိန်းကို ဦးတည်လျက် ဂျာမန်တင့်ကား (panzer) တပ်မကြီးများ၊ လေကြောင်းချီ (Luftwaffe) တပ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီး အစပိုင်းတွင် လေ့ကျင့်မှုအားနည်းသော ဆိုဗီယက်တပ်များသာ ခုခံနိုင်ခဲ့၍ အောင်ပွဲအချို့ရရှိခဲ့သည်။ စစ်ပွဲစတင်သော ပထမနေ့၌ပင် လေတပ် Luftwaffe သည် ဆိုဗီယက်စစ်လေယာဉ် ၁,၀၀၀ ကျော်ကိုပစ်ချနိုင်ခဲ့သည်။

စစ်ပွဲအစ၌ ဂျာမန်တပ်များ၏လျင်မြန်သော လှုပ်ရှားမှုကြောင့် ဆိုဗီယက်တပ်သားများ သန်းနှင့် ချီကာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ကြရသည်။ ဂျာမန်လက်မရွံ့တပ်ဖွဲ့  (Einsatzgruppen-SS) ၏ လက်ချက်ဖြင့် အရပ်သားများစွာအသတ်ခံခဲ့ကြရပြီး အထူးသဖြင့်ဆိုဗီယက်ဂျူးများ သေဆုံးခဲ့ရသည်။ ဂျာမန်တို့သိမ်းပိုက်ပြီးသမျှ နယ်မြေများတွင် ဟစ်တလာ၏အမိန့်အရ ဆိုဗီယက်စစ်သုံ့ပန်း (prisoners of war- POWs) များစွာအသတ်ခံခဲ့ရပြီး နိုင်ငံတကာ စစ်ပွဲဆိုင်ရာ ပရိုတိုကောလ်အားလုံးကို ဖောက်ဖျက်ခဲ့သည်။

စစ်ပွဲစတင်၍ နှစ်လကျော်အကြာ ၁၉၄၁ ခုနှစ် သြဂုတ်၌ မော်စကိုနှင့် မိုင်၂၂ဝအကွာသို့ ဂျာမန်ပန်ဇာတပ်များ ရောက်ရှိချိန်တွင် ဟစ်တလာသည် တောင်ဘက် ယူကရိန်းစစ်မြေပြင်ကိုပိုမိုအားဖြည့် ချဉ်းကပ်ရန် အမိန့်ပေးခဲ့သည်။

စက်တင်ဘာလကုန်၌ ကိယက်ဗ် ကျသွားခဲ့ပြီး မြောက်ပိုင်း စစ်မျက်နှာပြင်ရှိ လီနင်ဂရက်ကို ၀ိုင်းပတ်ပိတ်ဆို့ခဲ့ရာ သမိုင်း၌ အကြာမြင့်ဆုံး ရန်သူအဝိုင်းခံရသော ကာလ ၈၇၂ ရက်ကြာမြင့်ခဲ့သည်။ ထိုနှစ် အောက်တိုဘာလတွင် မော်စကိုကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် တိုင်ဖုန်းစစ်ဆင်ရေး (Operation Typhoon) ကို အကောင်အထည်ဖော်ရန် ဟစ်တလာက အမိန့်ပေးခဲ့သည်။ ထိုသို့စစ်ဆင်ရေးများ အပြီးမသတ်နိုင်သော စစ်မြေပြင်အခြေအနေများအကြား ဆိုဗီယက်တို့သည် ကာကွယ်ရေးခံစစ်စည်းအတွက်အချိန်ရသွားကာ စစ်သည် အင်အားတစ်သန်းနှင့် T-34 တင့်ကားသစ် ၁,၀၀၀ ကျော် အားဖြည့်  လာနိုင်သည်။ မော်စကိုပြင်ပရှိ ရွှံ့နွံထူထပ်သော ပထဝီဝင်အနေအထားက ဂျာမန်တို့ ကိုအခက်တွေ့စေခဲ့ပြီး ရုရှားတို့၏ခံစစ်အနေအထားမှသည် နိုဝင်ဘာလလယ်၌ တပ်နီတော်၏ တန်ပြန်တိုက်စစ်စတင်လာနိုင်ခဲ့သည်။ ဂျာမန်တို့သည်  ဆိုဗီယက်တို့၏ခုခံနိုင်စွမ်းကို လျှော့တွက်ခဲ့ကြသကဲ့သို့ စတာလင်၏အမိမြေရုရှား (Mother Russia) ကာကွယ်ရေးဝါဒဖြန့်ချိမှုမှာ အရေးပါ၍အရာရောက်ခဲ့သည်။ ၁၉၄၂ ခုနှစ်ဇွန်လမှစတင်ကာ တပ်နီတော်က အရေးသာလာခဲ့ပြီး ၁၉၄၃ ခုနှစ် စတာလင်ဂရက်တိုက်ပွဲကို ဆိုဗီ ယက်တို့ အနိုင်ယူခဲ့သည်မှ စတင်ကာ ဒုတိယကမ္ဘာစစ်၏ အလှည့်အပြောင်းဖြစ်သွားခဲ့သည်။

ဤနေရာ၌ အထူးပြုညွှန်းဆိုလိုသည်မှာ ဂျာမန်တို့ တိုက်စစ်ဆင်ခဲ့၊ စစ်ဦးထိုးခဲ့ရာ ဒေသသုံးခုဖြစ်သော စတာလင်ဂရက်၊ မော်စကိုနှင့် ကိယက်ဗ်တို့ကိုပြန်လည်လေ့လာကြည့်ရန်ဖြစ်သည်။ အနောက်ဘက်မှ လာသောရန်သူအတွက် ယူကရိန်းသို့မဟုတ် မြို့တော်ကိယက်ဗ်သည် ခံနိုင်ရည်အား အပျော့ဆုံးနေရာအဖြစ် ရုရှားတို့ သမိုင်းသင်ခန်းစာယူခဲ့သလို ရုရှားကို အပိုင်တိုက်လိုသူ မည်သည့်ရန်သူအတွက်မဆို ထိုးစစ်စတင်ဖြန့်ရမည့်နေရာဒေသ ဖြစ်နေသည်။ တစ်ဖန် ၁၉၅၂ ခုနှစ်ဖွား၊ သမ္မတပူတင်၏မိဘများရိက္ခာပြတ်၍ အသက်မသေအောင်အသည်းအသန် ‘မွေး’ယူခဲ့ရသောမြို့မှာ လီနင်ဂရက်ခေါ်  စိန့်ပီတာစဘတ်မြို့ဆိုသည့်သမိုင်းနောက်ခံပေတည်း။

ရုရှား၏ လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်

 ရုရှားသည် ယူကရ ိန်းနယ်စပ်အနီး သူ့တပ်ဖွဲ့များဖြန့်ကြက်ထားခဲ့သော ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်းကပင် လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်ကို လူသိရှင်ကြားထုတ်ပြန်ခဲ့၏။

ပထမတစ်ချက်မှာ ယူကရိန်းနှင့်ယခင်ဆိုဗီယက်ယူနီယံအစုဝင် နိုင်ငံများကို NATO မဟာမိတ်အဖွဲ့ဝင်အဖြစ်လက်မခံရန်နှင့် ဗဟိုနှင့်အရှေ့ဥရောပ၌စစ်အင်အားချထား မှုများကို ပြန်လည်ရုပ်သိမ်းရန်ဖြစ်သည်။

ထိုအချက်ကိုအမေရိကန်ပြည်ထောင်စုနှင့်မဟာမိတ်နိုင်ငံများက ပယ်ချခဲ့ကြသည်။ NATO အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် အိမ်ဖြူတော်ကပါ အားလုံးသောနိုင်ငံများသည်သူတို့၏အနာဂတ်ကို ပြင်ပပယောဂ တစ်စုံတစ်ရာမပါဘဲရွေးချယ် ဆုံးဖြတ်ခွင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။

မော်စကို၏ တောင်းဆိုချက်မူကြမ်းပါ ဒုတိယအချက်မှာ ရုရှား နှင့် NATO အကြားစစ်ရေးနှင့် လေကြောင်းဆိုင်ရာ အထိအခိုက်များ လျှော့ချနိုင်စေခြင်းငှာအခြေခံအားဖြင့် ဘောလ်တစ်နှင့်ပင်လယ်နက်ဒေသ၌ စစ်ရေးလေ့ကျင့်မှုများကို ပိုမိုမြင်သာစေရန်နှင့်ယုံကြည်မှု တည်ဆောက်သွားရန်ဖြစ်သည်။

တတိယတောင်းဆိုချက် အဖြစ် ယခင်ဆိုဗီယက်ယူနီယံအစုဝင် သမ္မတနိုင်ငံများအပါအဝင်NATO ၏ အရှေ့ဘက်သို့ချဲ့ထွင်ခြင်းကိုရပ်တန့်ပါမည့်အကြောင်း ၀ါရှင်တန်နှင့်မဟာမိတ်နိုင်ငံများက တာဝန်ခံရန်ဖြစ်သည်။

ရုရှား၏တောင်းဆိုချက်အရ ဗဟိုနှင့်အရှေ့အာရှ၌ NATO ၏စစ်အင်အားဖြန့်ကြက်မှုများကို ၁၉၉၇ ခုနှစ်၊  NATO ၏အရှေ့ဘက်သို့ အင်အားချဲ့ထွင်မှုမပြုမီအခြေအနေအတိုင်းပြန်လည်ထားရှိစေလိုခြင်းဖြစ်သည်။

ထို့ပြင်အခြားနိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို ထိခိုက်စေနိုင်သောစစ်အင်အားနှင့် ဝေဟင်ဖြန့်ကြက်မှုကို အမေရိကန်ရော ရုရှားကပါ ရပ်တန့်သွားကြရန်တောင်းဆိုသည်။ အမေရိကန်၏မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များအား ရုရှားနယ်စပ်အနီးနှင့်ပင်လယ်နက်၌ နေရာချထားမှုကို ရုရှားကကန့်ကွက်ခဲ့သည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။ တစ်ဖန်စစ်အေးကာလကဖျက်သိမ်းရန် သဘောတူခဲ့သော နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် တာလတ်ပစ်ဒုံးပျံများ ပြန်လည်ရုပ်သိမ်းရေးအတွက်လည်း ရုရှား၏တောင်းဆိုချက်တွင်ပါဝင်သည်။

သို့သော် ဤတောင်းဆိုချက်အားလုံးကို အမေရိကန်ဦးဆောင်သော NATO အဖွဲ့ဝင်အားလုံးက ပယ်ချခဲ့သည်။

 

ယူကရိန်းစစ်ပွဲနှင့် နိုင်ငံအလိုက် ရပ်တည်ချက်များ

ယခုတော့ရုရှား၏ ရွေးချယ်စရာလမ်းအဖြစ် “အထူးစစ်ဆင်ရေး” ပြုလုပ်ကာ ယူကရိန်းနိုင်ငံအတွင်းသို့ ရုရှားတပ်များ ဝင်ရောက်သည်မှာ တစ်လတာရှိခဲ့ပြီ။

ကမ္ဘာ့တိုက်ကြီးများရှိ နိုင်ငံအလိုက် ရှုထောင့်ပေါင်းစုံမှ အမြင်အသီးသီးထွက်ပေါ်ခဲ့ပြီး အာဖရိကတိုက်မှ နိုင်ငံအချို့မှာ ရုရှားနှင့် NATO သို့မဟုတ် အရှေ့နှင့်အနောက်ကြား စိတ်ဝင်စားဖွယ်ရပ်တည်ချက်များ ရှိနေသည်။

ကျူးဘားခေါင်းဆောင် ကက်စထရိုနှင့် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်တို့ကို အနောက်အုပ်စုက အကြမ်းဖက်သမားများအဖြစ် တံဆိပ်ခတ်နှိပ်ချိန်၌ ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ထားသော ကမ္ဘာကျော် တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားက “သူတို့နဲ့ရန်သူဖြစ်တိုင်း ကျုပ်တို့ရန်သူဖြစ်မယ်လို့တွေးကြရင် မှားသွားမှာပေါ့”ဟု ပြောခဲ့ဖူးသည်။

တောင်အာဖရိကသမ္မတ ရာမာဖိုဆာက “တကယ်လို့သာ NATO ရဲ့ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေက အရှေ့ဘက်ဆီ ချဲ့ထွင်တာဟာ ပြဿနာကြီးလာမယ်၊ ဒေသတွင်း မတည်မငြိမ်ဖြစ်လာ မယ်လို့ သတိပေးချက်တွေကို ဂရုပြုခဲ့ကြမယ်ဆိုရင် ဒီစစ်ပွဲကို ရှောင်နိုင်ခဲ့မှာ”ဟု ပါလီမန်၌ မိန့်ခွန်းပြောခဲ့သည်။

ကုလသမဂ္ဂ၏ ရုရှားအပေါ် ရှုတ်ချသည့် အဆိုကို မဲခွဲခဲ့ရာတွင် နိုင်ဂျီးရီးယားနှင့်အီဂျစ်အပါအဝင် အာဖရိက၂၈ နိုင်ငံက ထောက်ခံခဲ့သော်လည်း ရှစ်နိုင်ငံက မဲမပေးဘဲ နေခဲ့သည်။ အီရစ်ထရီးယားကမူ ဤအဆိုကို ကန့်ကွက်ခဲ့သည်။

ဇင်ဘာဘွေနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ၏ ဤဆုံးဖြတ်ချက်သည် ဆွေးနွေးညှိနှိုင်းအဖြေရှာရန်ထက် “မီးပုံထဲသို့လောင်စာထပ်ထည့်သည်နှင့်အလားတူပြီး အခြေအနေများကိုပိုမိုရှုပ်ထွေးလာစေရန်ပြုမူနေခြင်း”ဟု ထုတ်ပြန်ခဲ့သည်။

တန်ဇန်းနီးယားသမ္မတ ဆမ်မီယာဆူလူဟူကမူ လက်ရှိအခြေအနေသည် သူ့နိုင်ငံ၏ဓာတ်ငွေ့စျေးကွက်အတွက် အခွင့်အလမ်းဟုမြင်သည်။ တန်ဇန်းနီးယားသည်အာဖရိက၌ ဓာတ်ငွေ့သယံဇာတဆဋ္ဌမ မြောက်အများဆုံးနိုင်ငံဖြစ်သည်။ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်နစ်နာရသော အာဖရိကနိုင်ငံအချို့တွင် တန်ဇန်းနီးယားမပါဝင်ဘဲ ပြည်ပသို့ဓာတ်ငွေ့များတိုးချဲ့တင် ပို့ရန်ကြိုးပမ်းလျက်ရှိသည်။

 

ဗလာဒီမာပူတင်၏ သောကနှင့် ရုရှားအထိုင်

ရုရှားနိုင်ငံကို အုပ်ချုပ်ခဲ့သမျှထဲမှ တိုင်းပြုပြည်ပြုခေါင်းဆောင်တိုင်း မမေ့မလျော့စဉ်းစားသည့် ပထဝီနိုင်ငံရေးမှာ “မြောက်ပိုင်း ဘောလ်တစ်ပင်လယ်ကမ်းခြေရှိ ဆိပ်ကမ်းများမှာ ဆောင်းတွင်းတစ်လျှောက်လုံး ရေခဲနေသည်ဖြစ်၍ တစ်နှစ်ပတ်လုံးအသုံးပြုနိုင်သော ဆိပ်ကမ်းများရရှိရေး၊ အဆိုပါဆိပ်ကမ်းများကို လွတ်လပ်စွာအသုံးပြုနိုင်ရေး” ဖြစ်သည်။

တစ်ဖန် ခေါင်းဆောင်ကြီး ခရူးရှက်က ယူကရိန်းမြေပုံအတွင်း ရက်ရောစွာထည့်သွင်းခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်ကိစ္စကလည်း ပူတင်၏ပခုံးပေါ်ရောက်လာသည်။ ခရိုင်းမီးယားအပါအဝင် ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်စက်မှုနယ်မြေအတွင်း အဓိကလူဦးရေမှာ ရုရှားများ ဖြစ်နေပြန်သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ်၌ ယူကရိန်းတောင်ပိုင်း၊ ခရိုင်းမီးယားကို ရုရှားတို့သိမ်းယူခဲ့သည်။ အလားတူ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသူများရှိရာ ဒွန်ဘတ်စ်ဒေသသို့ စစ်သည်အင်အားနှင့် လက်နက် အထောက်အပံ့များဖြည့်တင်းပေးခဲ့သည်။ ယခုစစ်ပွဲမတိုင်မီ ရှစ်နှစ်တာကာလအတွင်း ယူကရိန်းတပ်များနှင့် ခွဲထွက်ရေးအုပ်စုများအကြား တိုက်ပွဲများကြောင့် လူ ၁၄,၀၀၀ ခန့် သေဆုံးပြီး လူတစ်သန်းကျော် ထွက်ပြေးခဲ့ကြရသည်။

အကယ်၍ ယူကရိန်းသည် NATO အဖွဲ့ဝင်ဖြစ်သွားခဲ့သော် ကိယက်ဗ်အစိုးရ၏ ပိုင်နက်နယ်နိမိတ်အတွင်း  စစ်သည်အင်အားရော၊ လက်နက်တပ်ဆင်မှုကိုပါ အမေရိကန်နှင့်မဟာမိတ်များကပြုလုပ်လာကြမည်။

လမ်းကြောင်းအမှတ်သုံး (M3) သည် ယူကရိန်းနယ်စပ်မှမော်စကိုသို့ ၄၉၀ ကီလိုမီတာသာကွာဝေးပါသည်။ ကားမောင်းချိန်ငါးနာရီအတွင်းဖြစ်သကဲ့သို့ ရုရှားက လျှော့ချဖျက်သိမ်းရန် တောင်းဆိုခဲ့သော တာလတ်ပစ် ဒုံးကျည်များ နေရာချထားမှုနှင့်ပါ ပူတင်က ဆက်စပ်တွေးတောခဲ့ပြီးဖြစ်သည်။

 

၁၉၈၇ ခု၊ တာလတ်ပစ်နျူကလီးယားဒုံးကျည်များ (intermediate range nuclear missiles - 1987 INF) စာချုပ်ကို အမေရိကန်ပြည်ထောင်စုသမ္မတ ရော်နယ်ရေဂင်နှင့်ဆိုဗီယက်ယူနီယံအထွေထွေအတွင်းရေးမှူး မီခေးလ်ဂေါ်ဘာချက်တို့ ၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြ၏။ ထိုစာချုပ်ကို အမေရိကန်အထက် လွှတ်တော်က ၁၉၈၈ ခုနှစ် မေ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ ရေဂင်နှင့် ဂေါ်ဘာချက်၏ သဘောတူညီချက်အရ ၁၉၈၈ ခုနှစ်ဇွန် ၁ ရက် တွင် စတင်အသက်ဝင်ခဲ့သည်။

ရုရှားနှင့်အမေရိကန်တို့ချုပ်ဆိုခဲ့ကြသော ၁၉၈၇ INF သဘောတူညီချက်ကို မော်စကိုဘက်က ချိုးဖောက်သည်ဟု သမ္မတ ဒေါ်နယ်ထရန့်ကစွပ်စွဲကာ အမေရိကန်ပြည်ထောင်စုသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ၌ တရားဝင်နုတ်ထွက်ခဲ့သည်။ ထိုစွပ်စွဲချက်အပေါ် ကရင်မလင်က ငြင်းဆိုခဲ့၏။

တာလတ်ပစ်ဒုံးကျည်များ (INF) သည် မိုင် ၃၁၀ မှ ၃,၄၀၀ အတွင်း ပစ်ခတ်နိုင်စွမ်းရှိသော မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်များဖြစ်သည့်အတွက် NATO အဖွဲ့ဝင်ဖြစ်လာမည့် ယူကရိန်း၌ချထားခဲ့လျှင် ကရင်မလင်၏ လုံခြုံရေးမှာ “မိုးမီးလောင်မည့်” အနေအထားသို့ ရောက်ရှိသွားနိုင်သည်။

နောက်ဆုံးအချက်အနေနှင့် ယူကရိန်းသာ NATO အဖွဲ့ဝင်ဖြစ်ခဲ့ပါက ရုရှားနှင့်စစ်မက်တစ်စုံတစ် ရာဖြစ်ပွားခဲ့လျှင် NATO ၏ စစ်ရေးဆိုင်ရာပဋိညာဉ်အရ ကျန်အဖွဲ့ဝင်နိုင်ငံအားလုံးက ယူကရိန်းဘက်မှ ဝင်ရောက်တိုက်ခိုက်ကြလိမ့်မည်။ သို့ဆိုလျှင် ရုရှားနှင့်အမေရိကန်တို့ ထိပ်တိုက်တွေရုံမျှမက နျူကလီးယားအခြေပြု ကမ္ဘာစစ်ကြီးအဆင့်သို့ အချိန်မဆိုင်းရောက်ရှိသွားလိမ့်မည်။

မိမိ၏အကျိုးစီးပွားကိုအခြေတည်လျက် ကမ္ဘာလုံးဆိုင်ရာ စစ်ကြီးတစ်ခုကိုရှောင်ရှားနိုင်ရန်အလို့ငှာ ဒေသတွင်း ကန့်သတ်စစ်ပွဲတစ်ရပ်အား “အထူးစစ်ဆင်ရေး” အဖြစ် ဆင်နွှဲလိုက်ရကြောင်း ရုရှားက ပြောခဲ့သည်ရှိသော် ...။References:

https://theconversation.com/why-did-russia-invade-ukraine-178512?utm_med... utm_source=Face book#Echo-box= 1 646835214-1 

https://amp.marca.com/en/basketball/202 2/03/23/ 623b556 be27 04eb0ad8b45e5.html?nc

https://www.history.com/topics/world-war-ii/operation-barbarossa

https://www.militarytimes.com/flashpoints/2021/12/19/russia-sets-out-tou...

https://www.google.com/amp/s/amp.cnn.com/cnn/2022/ 03/21/africa/africa-leaders-ukraine-response-cmd-intl/index.html

https://en.m.wikipedia.org/wiki/Geography_of_Ukraine

https://www.cnn.com/ 2022/03/21/africa/africa-leaders-ukraine-response-cmd-intl/index.html

https://en.m.wikipedia.org/wiki/M3_highway_(Russia)

Most Read

Most Recent