ထိုင်ဝမ်အပေါ် သက်ရောက်လာသည့် ယူကရိန်း ပဋိပက္ခ နောက်ဆက်တွဲဂယက်

ထိုင်ဝမ်အပေါ် သက်ရောက်လာသည့် ယူကရိန်း ပဋိပက္ခ နောက်ဆက်တွဲဂယက်
 မတ် ၈ ရက်က တိုင်ပေမြို့တွင် ထိုင်ဝမ်စတော့အိတ်ချိန်းကို လမ်းသွားလမ်းလာတစ်ဦး ဖြတ်လျှောက်သွားစဉ် (Photo : AP)
မတ် ၈ ရက်က တိုင်ပေမြို့တွင် ထိုင်ဝမ်စတော့အိတ်ချိန်းကို လမ်းသွားလမ်းလာတစ်ဦး ဖြတ်လျှောက်သွားစဉ် (Photo : AP)
Published 26 March 2022
ဖြိုးဟိန်းကျော်

ဥရောပတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် မိုင်ပေါင်း ငါးထောင်နီးပါးအကွာ၊ အာရှဒေသတွင် တည်ရှိသည့် ထိုင်ဝမ်မှ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ထွက်ခွာမှုများ ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သည့်လတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ခြင်းကြောင့် တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် စစ်အင်အားဖြင့် ဖိအားပေးမှုများ တိုးမြှင့်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ ကြီးထွားလာခဲ့ကာ  မကြုံဖူးလောက်သည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ ထွက်ခွာမှုအဖြစ် ကျွမ်းကျင်သူအချို့က ပုံဖော်ပြောဆိုခဲ့သည့် အခြေအနေကို အစပျိုးခဲ့သည်။

ယူကရိန်းကို ရုရှားက စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီး သီတင်းပတ်သုံးပတ်အတွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများသည် ထိုင်ဝမ်ဒေါ်လာ ၄၈၀ ဘီလျံဝန်းကျင် တန်ဖိုးရှိသည့် အစုရှယ် ယာများကို ရောင်းချခဲ့သည်ဟု တိုင်ပေအခြေစိုက် Mega အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ဒါရိုက်တာဖြစ်သူ အဲလက်စ်ဟွမ်က ဆိုသည်။

ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားသည့် ပမာဏသည် စံချိန်တင်လောက် အောင်ပင် အများဆုံးဖြစ်ခဲ့ပြီး  ၂၀၂၁ ခုနှစ် တစ်နှစ်လုံးတွင်  ပြည်ပရင်းနှီးမြှုပ်နှံ သူများက ရောင်းချခဲ့သည့် ထိုင်ဝမ်အစုရှယ်ယာ တန်ဖိုးကိုပင် ကျော်လွန်သွားခဲ့ကာ ပမာဏအားဖြင့် ဒေါ်လာ ၁၅.၆ ဘီလျံခန့် ရှိခဲ့သည်ဟု အမေရိကန်၏ ထိပ်တန်းဘဏ်ကြီး တစ်ခုဖြစ်သည့်   Bank of America က ခန့်မှန်းထားသည်။ Goldman Sachs ဘဏ်ကြီး၏ လေ့လာဆန်း စစ်သူများကလည်း လွန်ခဲ့သည့်လအတွင်း ထိုင်ဝမ်မှ အရင်းအနှီးပမာဏ ဒေါ်လာ ၁၅.၆ ဘီလျံ ပြင်ပသို့ ယိုစီးခဲ့သည်ဟု ခန့်မှန်းခဲ့သည်။

ယင်းသည် လက်ရှိအချိန်အထိဆိုလျှင် စံချိန်တင်ပမာဏဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ကာလကထက်ပင် ပိုများပြားနေသည်ဟု အဲလက်စ်ဟွမ်က ပြောကြားသည်။

မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ်သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင် ရောက်သည့် လမ်းကြောင်းတစ်ခုအဖြစ် ပိုမိုပီပြင်စွာ ရပ်တည်လာနိုင်ခဲ့ပြီး မဟာဗျူဟာ ရေးရာ ကျွမ်းကျင်သူများကလည်း အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့ နှင့် ယှဉ်တွဲလျက် ထိုင်ဝမ်ကို TICKs အဖွဲ့ထဲတွင် မကြာခဏ ထည့်သွင်း ပြောဆိုခဲ့ကြသည်။                                                                                                 

သို့ရာတွင် ယူကရိန်းကို ရုရှားက ထိုးစစ်ဆင်မှုသည် တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေး အရ ကျူးကျော်ရန်စမှုကို ရှေ့တိုးလုပ်ဆောင်လာရန် ရဲဆေးတင်ပေးသကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်မှုများ တစ်ကျော့ပြန် ဖြစ်ပေါ်လာခဲ့သည်။ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်လာခဲ့သော ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ထိုင်ဝမ်ကို တရုတ် ကွန်မြူနစ်ခေါင်းဆောင်ပိုင်းက ၎င်းတို့ပိုင်နက်နယ်မြေ အစိတ်အပိုင်း တစ်ခုအဖြစ် ကာလကြာမြင့်စွာ သတ်မှတ်ပြောဆိုခဲ့ကြသည်။ 

ပြည်ပရင်းနှီးမြှုပ်မှုများ ထွက်ခွာမှု တစ်ဟုန်ထိုးမြင့်တက်လာ သို့ရာတွင် ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့်တိုင် ထိုင်ဝမ် စတော့စျေးကွက် တစ်ခုလုံးကို ခြုံငုံကြည့်လျှင် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။ 

ရုရှားက ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းမှ မတ်လ ၁၇ ရက်အထိ ထိုင်ဝမ်စတော့အိတ်ချိန်း၌ အစုရှယ်ယာများ ပြောင်းလဲမှု အနည်းငယ် သာရှိခဲ့သည်ဟု အချက်အလက်များ ထုတ်ပြန်ပေးသည့် Refinitiv ၏ အဆိုအရ သိရ သည်။

အစိုးရ ကျောထောက်နောက်ခံပြု ထိုင်ဝမ်ဘဏ်အချို့သည် ထိခိုက်ဆုံးရှုံးမှု လျော့ပါး သက်သာစေရန် အလို့ငှာ မကြာသေးမီက ရှယ်ယာဝယ်ယူမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့သည်ဟု ဟွမ်က ဆိုသည်။

ရင်းနှီးမြှုပ်နှံသူ အများအပြားက ထိုင်ဝမ်နှင့် ယူကရိန်း၏  အခြေအနေကို မတူညီ ဟု ယုံကြည်ထားခြင်းကြောင့် လည်းကောင်း၊ ထိုင်ဝမ်ကျွန်းအနေဖြင့် ပြင်းထန်သော တိုက် ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဆိုလျှင် အမေရိကန် ပြည်ထောင်စုက ကြားဝင်ကူညီလိမ့်မည်ဟု အများက ယူဆထားခြင်းကြောင့်လည်းကောင်း၊ ထိုင်ဝမ်အခြေစိုက် ရင်းနှီးမြှုပ်နှံသူများ အကြားတွင် ယုံကြည်မှုကျဆင်းသည့် အခြေအနေ မတူညီခဲ့ပေ။  

ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီ ကတည်းကပင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများသည် ရေနံနှင့် ကုန်ကြမ်းပစ္စည်း စျေးနှုန်းများ မြင့်တက်ခြင်း၊ အမေရိကန်ပြည်ထောင်စုတွင် အတိုးနှုန်း တိုးမြှင့်ဖွယ်ရှိခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် စိုးရိမ်မှုများ ရှိနေခဲ့ခြင်းဖြစ် သည်။ ထို့နောက်တွင် စစ်ပွဲဖြစ်လာခြင်းကြောင့် မုန်တိုင်း တစ်ခုအဖြစ်သို့ လုံးလုံးလျား လျား ရောက်ရှိသွားခဲ့သည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

ထိုင်ဝမ်၏ အရေးပါမှု

ထိုင်ဝမ်သည် မော်တော်ယာဉ်များမှသည် စမတ်ဖုန်းကဲ့သို့ အီလက်ထရွန်းပစ္စည်း အမျိုးမျိုးအတွက် လိုအပ်သည့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကို တစ်ကမ္ဘာလုံးအတွက် ဒိုင်ခံထုတ်လုပ်ပေးသည့် နေရာအဖြစ် လူသိအများဆုံးဖြစ်သည်။ လူဦးရေ ၂၄ သန်း နေ ထိုင်သည့် ထိုင်ဝမ်ကျွန်းသည် ကမ ္ဘာပေါ်တွင် ချစ်ပ်များကို အများဆုံး ထုတ်လုပ်ပေးသည့် နေရာဖြစ်ကာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်မှုများ၏ ထက်ဝက်ကျော်အထိ ရှိနေသည်။   

ထိုင်ဝမ်၏ အထင်ရှားဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော TSMC သည် ကမ္ဘာလုံး ဆိုင်ရာ စျေးကွက်ကို ဦးဆောင်လျက်ရှိပြီး  Apple နှင့် Qualcomm ကဲ့သို့ ကုမ္ပဏီကြီး များအတွက် ချစ်ပ်များကို အမြောက်အမြား ထုတ်လုပ်ပေးနေသည်။ အဆိုပါ ချစ်ပ်ထုတ် လုပ်ရေးကုမ္ပဏီသည် အလွန်ပင် အရေးပါသည့်အတွက် ထိုင်ဝမ် စတော့စျေးကွက်၏ ဗဟိုချက်အဖြစ် မကြာခဏ သတ်မှတ်ခံရ တတ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ထိုင်ဝမ်ကုမ္ပဏီများထဲတွင် TSMC သည် အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးနေ သည့် အရေးပါသော တောင်ကြီးတစ်ခုသဖွယ် သတ်မှတ်ခံထားရသည်။

သို့သော် ဖေဖော်ဝါရီလ နှောင်းပိုင်းမှစ၍ ၎င်းကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် တိုင်ပေတွင်သာမက နယူးယောက်တွင်ပါ သုံးရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး ထိုင် ဝမ်နည်းပညာ စတော့အညွှန်းကိန်းသည်လည်း ကာလတူအတွင်း နှစ်ရာခိုင်နှုန်း ကျ ဆင်းခဲ့သည်ဟု Refinitiv မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထိုင်ဝမ်သည် ကမ္ဘာ့ကွန်ပျူတာချစ်ပ် စျေးကွက်၏ ဗဟိုချက် ဖြစ်နေသည့်အားလျော်စွာ ထိုင်ဝမ်နှင့် ဆက်နွှယ်နေသည့် စိုးရိမ်မှုများသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း စတော့များအ ပေါ်တွင်ပါ ရိုက်ခတ်လာဖွယ် ရှိနေသည်ဟု စတော့ရှယ်ယာများနှင့် ပတ်သက်၍ ကျွမ်း ကျင်သူတစ်ဦးဖြစ်သည့် ဖီးလစ်ဇ်လီကဆိုသည်။

ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေသည့် အချက်နှစ်ချက်ရှိနေပြီး ပထမတစ်ချက်မှာ ထိုင်ဝမ်အား တရုတ်က ကျူးကျော်လာနိုင် သည့်အပေါ် စိုးရိမ်နေခြင်းနှင့် ဒုတိယအ ချက်မှာ နီယွန်ဒြပ်စင် အပါအဝင် ကုန်ကြမ်းပစ္စည်း ပေးသွင်းရောင်းချမှုနှင့် ပတ်သက်၍ စိုးရိမ်နေခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

နီယွန်ဒြပ်စင်သည် ချစ်ပ်များထုတ်လုပ်ရာတွင် အသုံးပြုသည့် လေဆာရောင်ခြည်အ တွက် အဓိကလိုအပ်ချက် တစ်ခုဖြစ်ကာ  လတ်တလောတွင် ယူကရိန်း၌ စစ်ပွဲဖြစ်ပွား နေခြင်းကြောင့် ယူကရိန်းရှိ နီယွန်ဒြပ်စင်ပေးသွင်း ရောင်းချသူအချို့သည် ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းထားရသည့်အတွက် စျေးကွက်အတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်း ပြတ်လပ်မှု ဖြစ်ပေါ်နေသည့် အခြေအနေ ပိုဆိုးရွားလာမည်ကို စိုးရိမ်မှုများ တိုးလာခဲ့ သည်။

ထိုင်ဝမ်တွင် အခြေအနေ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချစ်ပ်ထုတ်လုပ်မှုအတွက် သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက်လည်း ပို၍ပင် စိုးရိမ်စရာ ဖြစ်လာမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုင်ဝမ်သည် အဆင်မြင့် စက်ဘီးများနှင့် အားကစား ဝတ်စုံများ ထုတ်လုပ်သည့် အရေးပါသော နေရာတစ်ခုဖြစ်ကာ ကမ္ဘာကျော်အမှတ် တံဆိပ်များကို ထုတ်လုပ်နေသည့် စက်ရုံများ လည်း ရှိနေခြင်းကြောင့်ဖြစ်သည်။

 

သတိဖြင့် စောင့်ကြည့်နေ

ထိုင်ဝမ်သုံး ငွေကြေးသည် ဒေသတွင်း၌ ဘေးကင်းစိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှု တစ်ခု အဖြစ်ရှိခဲ့ရာမှ မကြာသေးမီ သီတင်းပတ်များအတွင်း ပထဝီဝင်နိုင်ငံရေး အခြေအနေများ၏ ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။

“ထိုင်ဝမ်နဲ့ပတ်သက်ပြီး ပထဝီဝင်နိုင်ငံ ရေးအရ မရေရာမှုတွေဟာ ရင်းနှီးမြှုပ်နှံမှု အစုစုတို့ ပြင်ပကိုယ်စီးသွားခြင်းရဲ့ အကြီးမား ဆုံး အကြောင်းရင်း ဖြစ်နေပါတယ်” ဟု ကျွမ်း ကျင်သူများက သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ်က အလွန်ခိုင်မာသည့် ငွေကြေးအဖြစ် ရပ်တည်ခဲ့သည့် ထိုင်ဝမ်ဒေါ်လာ သည် ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆုတ်ယုတ်မှုများ စတင်ဖြစ်ပေါ်လာခဲ့ သည်ဟုလည်း ကျွမ်းကျင်သူများက ဆိုသည်။

မည်သို့ပင် တင်းမာမှုများ ရှိနေသော်လည်း ထိုင်ဝမ်သည် လက်ရှိအချိန်ထိ ဘေး ကင်းစိတ်ချရဆဲ ဖြစ်သည်ဟု ကျွမ်းကျင်သူ အများအပြားက ယုံကြည်လျက်ရှိသည်။ “ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကြောင့် တရုတ်က ထိုင်ဝမ်ကို မကြာခင်မှာ ကျူးကျော် လာနိုင်တဲ့ အလားအလာကို မြင့်တက်စေခြင်း မရှိပါဘူး”ဟု Eurasia Group မှ ကျွမ်းကျင် သူများက မတ်လအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။  

တရုတ်သမ္မတ ရှီကျင်းပင်နှင့် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်တို့ နှစ်ဦးလုံးက ယူက ရိန်းနှင့် ထိုင်ဝမ်အရေးကို ဆက်စပ်ပြောဆို နေမှုများအပေါ် အလေးထားဟန်မပြခဲ့ခြင်း နှင့် တရုတ်ဘက်တွင် တစ်စုံတစ်ရာ ကြိုတင် ပြင်ဆင်နေပုံ မရသကဲ့သို့ ထိုင်ဝမ်ဘက်တွင်လည်း စိုးရိမ်ထိတ်လန့်မှု အလျဉ်းမရှိဟူသော ပြောဆိုချက်များကိုလည်း ကျွမ်းကျင်သူများ က အလေးပေးပြောဆိုခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူကမူ ထိုင်ဝမ်အစိုးရအနေဖြင့် တရုတ်က ထိုင်ဝမ်အပေါ် လုပ်ဆောင်လာနိုင်သည့် အရာများကို အထူးသတိပြု၍ စောင့်ကြည့်နေ သည်ဟု ယခုလထဲတွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ များ မကြာမီက ထိုင်ဝမ်သည် စစ်သင်တန်းပေးမှုများကိုလည်း အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။

တရုတ်၏ အာဏာရ ကွန်မြူနစ်ပါတီက အခြေအနေအရ လိုအပ်လာလျှင် အင်အား သုံး၍ ထိုင်ဝမ်နှင့် ပြန်လည် ပေါင်းစည်းသွားမည်ဟု မကြာခဏ ကြုံးဝါးလျက်ရှိသည်။

“ယူကရိန်းဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထိုင်ဝမ်ကတော့ တရုတ် ကနေ ခွဲထုတ်လို့မရတဲ့ နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သူတို့က လုံးဝကို ကွဲပြား ခြားနားပါတယ်”ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ကန်၏ ပြောကြားချက်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ဝေသည့် ၀ါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြထားပေသည်။

Most Read

Most Recent