၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ မြန်မာနိုင်ငံမှ အထည်ချုပ်တင်ပို့မှု ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၁၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ မြန်မာနိုင်ငံမှ အထည်ချုပ်တင်ပို့မှု ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၁၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 22 March 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့  မြန်မာနိုင်ငံမှ အထည်ချုပ်တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၁၈ ဒသမ ၆  ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ အထည်ချုပ်တင်ပို့မှု မှ ဒေါ်လာ ၁၀၅၅ သန်းကျော် ရရှိခဲ့သည်။ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်းက အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ  ၈၈၉ ဒသမ ၇ သန်းရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းကို လေ့လာကြည့်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာ သန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊ အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ ကိုရီးယားသို့ဒေါ်လာ ၃၉၉ သန်း၊ အမေရိကန်နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိ တင်ပို့ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုကိုလေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းစသည်တို့အနက် CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့မှုအများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း လေးဆကျော်တိုးမြှင့်တင်ပို့ထားသည်။ အထည်ချုပ်(ချုပ်ပြီးအထည်)သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၁၉၃ ဘီလျံရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်ကာလတူတွင် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၇၁၈ ဘီလျံအထိရရှိထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှစ်လခန့်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုမှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဝင်ငွေရရှိမှု ဒေါ်လာ ၅၂၄ ဒသမ ၄၃၃ သန်းလျော့ကျခဲ့ ပြီး ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၂၀ ကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းသွင်းကာ ပြည်တွင်း၌ ပြန်လည်ချုပ်လုပ်သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ လက်ခစားစနစ်ဖြင့် မြန်မာနိုင်ငံသို့ အော်ဒါမှာယူနေသာ အများဆုံး ၁၀ နိုင်ငံစာရင်းတွင် အီးယူ(ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ)၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ တရုတ် စသည်တို့ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ  သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးအထိ ရောက်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၅ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

 

 

 

Most Read

Most Recent