ရန်းနစ်အား ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ ထူးဆန်းပြီး ရေရှည်စီမံကိန်းမရှိခြင်းအတွက် မန်ယူအသင်းတာဝန်ရှိသူများကို ဖရက်ဒ် ဝေဖန်

ရန်းနစ်အား ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ ထူးဆန်းပြီး ရေရှည်စီမံကိန်းမရှိခြင်းအတွက် မန်ယူအသင်းတာဝန်ရှိသူများကို ဖရက်ဒ် ဝေဖန်
Photo: Daily Star
Photo: Daily Star
Published 24 February 2022

မန်ယူကွင်းလယ်လူ ဖရက်ဒ်က ရန်းနစ်အား ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ ထူးဆန်းပြီး ရေရှည်စီမံကိန်းမရှိခြင်းမှာ မိမိတို့အတွက် အလွန်ဆိုးရွားကြောင်း အသင်းတာဝန်ရှိသူများကို ဝေဖန်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးရွားခြင်းကြောင့် ၂၀၂၁ နိုဝင်ဘာလတွင် အသင်းနည်းပြ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ပြီးနောက် ရန်းနစ်ကို ယာယီနည်းပြအဖြစ် ယခုရာသီကုန်အထိ ခန့်အပ်ခဲ့သည်။

ရန်းနစ်လက်ထက်တွင်လည်း မန်ယူအသင်းမှာ ရုန်းကန်နေရဆဲဖြစ်ပြီး အဝတ်လဲခန်းပြိုကွဲမှုများပင် ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ယခုအခါ ဖရက်ဒ်က မန်ယူအသင်းအနေဖြင့် ရန်းနစ်အား ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းကို မေးခွန်းထုတ်ခဲ့ပြီး ရေရှည်စီမံကိန်းမရှိခြင်းက ကစားသမားများကို စိတ်ပျက်စေသည်ဟု TNT Sport Brazil နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဖရက်ဒ်က ''ရန်းနစ်ကို အခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာက နည်းနည်းတော့ အံ့သြဖို့ ကောင်းပါတယ်။ ဘောလုံးမှာ ရလဒ်တွေ မြန်မြန်ဆန်ဆန်ရရှိခြင်းက အရေးအကြီးဆုံးဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အသင်းတစ်သင်းမှာ ရေရှည်စီမံကိန်း ရှိဖို့လည်း အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အဲဒီလို ရေရှည်စီမံကိန်းမရှိတာက ဆိုးရွားပါတယ်။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ရေတိုစီမံကိန်းတွေနဲ့ ဆက်သွားနေပြီး ရာသီအကုန်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ ဘောလုံးအသင်းတစ်သင်းမှာ ရေရှည်စီမံကိန်း ရှိဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ၂၀၁၃ ခုနှစ်တွင် ဂန္ထဝင်နည်းပြ ဖာဂူဆန် နည်းပြဘဝမှ အနားယူသွားပြီးနောက် (၉)နှစ်တာကာလအတွင်း ယာယီနည်းပြများအပါအဝင် နည်းပြ (၇)ဦး အထိ ခန့်အပ်ခဲ့သည်။

ယခုခန့်အပ်ထားသည့် ယာယီနည်းပြ ရန်းနစ်မှာလည်း လာမည့်ရာသီတွင် ဆက်ရှိ၊ မရှိ မသေချာသည့်အနေအထားတွင် ရှိနေသည်။

ထို့ကြောင့် ဖရက်ဒ်က အဓိကဆုဖလားများကို စိန်ခေါ်နိုင်ရန်အတွက် မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် ရေရှည်စီမံကိန်းရှိရန်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မန်ယူအသင်းသည် ပြီးခဲ့သည့်နှစ်များတွင် ရေရှည်အတွက် အသုံးမတည့်နိုင်သည့် ကာဗာနီ(၃၅ နှစ်)နှင့် စီရော်နယ်လ်ဒို (၃၇ နှစ်)တို့ကိုလည်း ခေါ်ယူခဲ့သည်။ 

Most Read

Most Recent