ထိုင်းနိုင်ငံ ဖုတ်ဖရမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရသူ မြန်မာ့ရွှေ့ပြောင်းလုပ်သား၏ အမှုအတွက် တရားမျှတမှုရှိစေလိုကြောင်း သေဆုံးသူ၏ဇနီး ပြောကြား

ထိုင်းနိုင်ငံ ဖုတ်ဖရမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရသူ မြန်မာ့ရွှေ့ပြောင်းလုပ်သား၏ အမှုအတွက် တရားမျှတမှုရှိစေလိုကြောင်း သေဆုံးသူ၏ဇနီး ပြောကြား
အခင်းဖြစ်ရွှေဆိုင်အတွင်း ထိုင်းတာဝန်ရှိသူများက လာရောက်စစ်ဆေးနေစဉ်
အခင်းဖြစ်ရွှေဆိုင်အတွင်း ထိုင်းတာဝန်ရှိသူများက လာရောက်စစ်ဆေးနေစဉ်
Published 16 February 2022
ကိုရွှေသိန်း (မြဝတီ)

ဖေဖော်ဝါရီ ၁၂ ရက်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့ရှိ  ရွှေဆိုင်တစ်ဆိုင်တွင် သွားရောက်ရွှေဝယ်နေစဉ်  ရွှေဆိုင်ပိုင်ရှင် ထိုင်းလူမျိုး၏ပစ်သတ်ခြင်းခံရသူ မြန်မာနိုင်ငံသား အလုပ်သမား၏ ဇနီးဖြစ်သူ မမိငယ်က အမှုအတွက် တရားမျှတမှုရှိစေလိုကြောင်းနှင့် မြန်မာအလုပ်သမား သံအရာရှိရုံး၏ အကူအညီ ရချင်ကြောင်း ပြောကြားခဲ့သည်။

ခင်ပွန်းဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရသောအမှုနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ တရားမျှတမှုရရှိနိုင်ရန်နှင့် မိမိလုပ်ရပ်အတွက် တာဝန်ယူစေလိုကြောင်း၊ ဆိုင်အတွင်း CCTV ကိုလည်း အများမြင်သာအောင် ချပြစေလိုကြောင်း သေဆုံးသူ မြန်မာနိုင်ငံသား မောင်ချစ်အာကာ၏ဇနီး မမိငယ် (ခ) မတင်မာဝင်းက ပြောကြားသည်။

“ညီမဆိုလိုတာက ဓားပြမှုကသပ်သပ်၊ ရွှေဆိုင်ပိုင်ရှင်က ညီမအမျိုးသားကို ပစ်သတ်တာက သပ်သပ်ဖြစ်စေချင်ပါတယ်။ အခုက ဆိုင်အတွင်းက CCTV ကိုလည်း ထုတ်မပြဘူး။ ဆိုင်ရှင်ထိုင်းလူမျိုး ပစ်သတ်တာကို ဓားပြတွေ ပစ်ခတ်လို့သေဆုံးရသယောင် ဖန်တီးနေတယ်။ ညီမကတော့ဒီအမှုအတွက် တရားမျှတမှု ဖြစ်စေချင်တယ်။ မြန်မာအလုပ်သမား သံအရာရှိအနေနဲ့လည်း အကူအညီပေးစေချင်တယ်။ အခုတော့ ဝမ်းနည်းကြောင်းတောင် မပြောဘူး။ ညီမတို့က သံရုံးကို အားကိုးချင်တာပေါ့နော်” ဟု ပြောကြားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့ ဆေးရုံအနီးရှိ  ‘ကလုန်ထေ့စီဖုတ်ဖာ့’ ရွှေဆိုင်တွင် မြန်မာဇနီးမောင်နှံနှစ်ဦးသည် သားဖြစ်သူအတွက် ရွှေဆွဲကြိုးဝယ်ယူနေစဉ် အမည်မသိလူ သုံးဦးက သေနတ်များကိုင်ဆောင်၍ ရွှေဆိုင်တံခါး‌ပေါက်ကို တွန်းဖွင့်ဝင်ရောက်ရန် ကြိုးပမ်းနေသည်ကို ရွှေဆိုင်ဝန်ထမ်းများက မြင်သည်နှင့် ‘ဓားပြတွေ ဓားပြတွေ’ ဟု အော်ဟစ်သဖြင့် ရွှေဆိုင်တံခါးလော့ချထား၍ ဝင်မရသည့်အခါ အဆိုပါလူသုံးဦးမှာ တံခါးကို ထုနှက်ကာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သေနတ်ကိုင်ဆောင်၍ ဆိုင်အတွင်းသို့ ဝင်ရောက်လာသူများကို မြင်‌တွေ့ရသည့် ရွှေဝယ်နေသူ မြန်မာဇနီးမောင်နှံမှာ စိုးရိမ်ကြောက်လန့်ကာ အနီးရှိ ရွှေဆိုင်ကောင်တာနောက်တွင် ဝင်ပုန်းခဲ့ကြောင်း သိရသည်။

သေနတ်ကိုင်ဆောင်ကာ ဆိုင်အတွင်း ဝင်လာသူသုံးဦးသည် ရွှေဆိုင်ရှိ ရွှေထည်ပစ္စည်းများအား အတင်းယူဆောင်သွားပြီး ရွှေဆိုင်ရှေ့တွင် အသင့်ရပ်ထားသည့်ကားဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဓားပြများ ထွက်ပြေးပြီး‌နောက် ခဏအကြာတွင် ဆိုင်ရှေ့သို့ ဆိုင်ရှင်သူဌေးရောက်လာပြီး ကောင်တာနောက်တွင် ပုန်းနေသည့် မြန်မာဇနှီးမောင်နှံအား တွေ့မြင်ရသည့်အခါ ရွှေဆိုင်ပိုင်ရှင်က ခင်ပွန်းဖြစ်သူကို ဓားပြဟု စွပ်စွဲ၍ ၎င်းကိုင်ဆောင်လာသော သေနတ်ဖြင့် ပစ်သတ်ခဲ့ရာ ရွှေဆိုင်ကောင်တာ နောက်တွင်  ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သေဆုံးသူ မောင်ချစ်အာကာ၏ ဇနီးဖြစ်သူ မမိငယ်က ပြောကြားသည်။

Most Read

Most Recent