ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့မဈေးတွင် ဆိုင်ခန်းပေါင်းနှစ်ရာကျော် မီးလောင်ကျွမ်းမှု ဧပြီ ၂၆ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့မဈေးမှ ဆိုင်ခန်းပေါင်းနှစ်ရာကျော် မီးလောင်ကျွမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှုးရုံးမှ စုံစမ်းသိရှိရသည်။
ဓနုဖြူမြို့မဈေးကြီး၌ ဈေးရုံ (၂၀)၊ စုစုပေါင်းဆိုင်ခန်း (၄၁၀)ရှိသည့်အနက် လက်ရှိမီးလောင်မှုဖြစ်စဉ်၌ ဈေးရုံ (၁၃)ရုံ၊ ဆိုင်ခန်းပေါင်း(၂၇၁) ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူ၏ ကနဦးဖြေကြားချက်အရသိရသည်။
ဝန်ကြီးချုပ်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများလည်းလာရောက်ခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ “ကျွန်တော်ဒီကိုမရောက်ခင်မှာလည်း မီးသတ်တို့ တာဝန်ရှိသူအားလုံးကို လိုအပ်တာဆောင်ရွက်ဖို့ညွှန်ကြားပြီး အနီးကပ်လာရောက်ကြည့်ရှုတာပါ။ ရာသီဥတုကလည်း မနက်ပိုင်းအေးတဲ့အချိန်ရယ်၊ ဈေးပိတ်တဲ့အချိန်ရယ်ဖြစ်တယ်။ လူအသေအပျောက်မရှိပါဘူး။ တအားနေပြင်းတဲ့အချိန်မှာသာဆိုရင် ဘေးပတ်ဝန်းကျင်တွေပါ ဆက်လောင်နိုင်တယ်။ မီးသတ်ကားတွေလည်းရောက်ပါတယ်။ ဈေးရဲ့သဘောသဘာဝက ဆိုင်ခန်းတွေကပ်နေတဲ့အတွက် မီးလောင်မှုက ပိုပြီးလျင်မြန်တာပေါ့”ဟု ဖြေကြားသည်။
အဆိုပါ ဓနုဖြူမြို့မဈေးမှာ သက်တမ်းရင့်ဈေးဖြစ်ပြီး ပင်မဈေးရုံကြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
“မနက် ၆ နာရီလောက်မှာ ဖြစ်တာ။ ညီမတို့လာတော့ မီးညွန့်တက်နေပြီ။ ပရဈေးရုံဘက်ကိုမီးကူးနေပြီ။ အဲဒီ့နောက် အထည်တန်း၊ အိမ်ဆောက်ပစ္စည်းတန်းတောက်လျှောက်မီးကူးသွားတယ်။ ဆိုင်ခန်းရာဂဏန်းကိုလောင်သွားတာ။ ထိခိုက်ဒဏ်ရာကတော့ သယ်ရင်းပြုရင်း ထိရှတာလောက်ပဲ တွေ့ရတယ်။ ဈေးပိတ်ချိန် အစောပိုင်းလောင်တာပေါ့။ ဈေးဖွင့်ရက်ဆိုင်တော့ သိတာမြန်နိုင်တယ်။ ဈေးပိတ်တော့ သိတာ မမြန်ဘူးပေါ့။ တချို့တွေဆို သူတို့ဆိုင်လောင်နေတာ မသိကြသေးဘူး”ဟု အစောပိုင်းရောက်ရှိခဲ့သည့် ဆိုင်ခန်းဆုံးရှုံးခဲ့သူတစ်ဦးက ဖြေကြားသည်။
မီးလောင်မှုဖြစ်ပွါးသည့်နေရာသို့ ဓနုဖြူမြို့နယ်တွင်းမှ မီးသတ်ယာဉ်များသာမက ဇလွန် နှင့် ပန်းတနော်တို့မှ မြို့နယ်စခန်း၊ နယ်မြေစခန်းအသီးသီးမှ မီးသတ်ယာဉ်များလည်း လာရောက်ခဲ့ကြပြီး စုစုပေါင်း မီးသတ်ယာဉ်(၁၃)စီးခန့် လာရောက်ခဲ့ကြောင်း သိရသည်။ အသင်းအဖွဲ့များအနေဖြင့်လည်း ဓနုဖြူနယ်ခံအဖွဲ့များအပြင် ဇလွန်၊ ကျိုက်လတ်၊ ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းတို့လည်း လာရောက်ကူညီခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့မဈေး မီးလောင်မှုအား နံနက် ၇ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။















