ပြင်းထန်သော ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို နစက အသုံးပြုနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (HRW) ထုတ်ပြန်

ပြင်းထန်သော ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို နစက အသုံးပြုနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (HRW) ထုတ်ပြန်
Published 15 February 2022
Ref: HRW

နစကသည်  အာဏာပိုင်များကို အလုံးစုံလုပ်ပိုင်ခွင့်အာဏာရှိစေမည့် ပြင်းထန်သော ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ပြန်လည်အသုံးပြုခဲ့သည်ဟု ဖေဖော်ဝါရီ ၁၅ ရက်တွင် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

လက်တလောဥပဒေကြမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့သည့် နစကအနေဖြင့်  အသုံးပြုသူများ၏အချက်အလက်များကို ရယူခြင်း၊ ဝက်ဆိုက်ဘ်များ ပိတ်ခြင်းနှင့် အင်တာနက်ပိတ်ခြင်းတို့ကို ညွှန်ကြားရန် လုပ်ပိုင်ခွင့်ရှိလာမည်ဖြစ်ပြီး ဝေဖန်ရေးသမားများနှင့်  မလိုက်နာသူများကိုလည်း တရားစွဲဆိုနိုင်မည်ဖြစ်သည်။

ဆိုက်ဘာလုံခြုံရေးဥပဒေကို နိုင်ငံတော်အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ကနဦး အဆိုပြုခဲ့ခြင်းဖြစ်သည်။ လက်တလောဥပဒေကြမ်း၌ ပြဋ္ဌာန်းချက်အသစ်များပါဝင်လာရာ VPN အသုံးပြုခြင်းကို ပိတ်ပင်ခြင်းလည်း ပါဝင်လာမည်ဖြစ်သည်။ ထို့အပြင် တရားရုံးတွင် အမှုရင်ဆိုင်ရာ၌ အချို့ကိစ္စများအတွက် အထောက်အထားပြရန် လိုအပ်ချက်ကို ပယ်ဖျက်ခြင်းလည်း ပါဝင်လာမည်ဖြစ်ပြီး အွန်လိုင်းဝန်ဆောင်မှုပေးသူများအနေဖြင့်လည်း နစကခေါင်းဆောင်များကို အွန်လိုင်းတွင် ဝေဖန်မှုများအား ပိတ်နိုင်မည် သို့မဟုတ် ဖယ်ရှားခွင့်ရှိမည်ဖြစ်သည်။

အဆိုပြုထားသောဥပဒေသည် လွတ်လပ်သော သတင်းစီးဆင်းမှုကို အနှောင့်အယှက်ပေးနေပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ တရားဝင် အကျိုးရှိစွာ လုပ်ကိုင်မှုစွမ်းရည်များကို တိုက်ရိုက်သက်ရောက်စေသည်ဟု မြန်မာနိုင်ငံရှိ နိုင်ငံတကာကုန်သည်ကြီးများအဖွဲ့၁ဝဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံက နစကဟာ အလွန်ပြင်းထန်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို လက်ခံထားပါတယ်။ အဲ့ဒီဥပဒေကြမ်းကို ပိုမိုဆိုးရွားအောင် လုပ်နေပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အာရှဥပဒေအကြံပေး Linda Lakhdhir က ပြောကြားသည်။

“နစကအနေနဲ့ ဒီဥပဒေကြမ်းကို ပယ်ဖယ်သင့်ပါတယ်။ ဥပဒေကြမ်းဟာ နိုင်ငံတစ်ဝန်းမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ သတင်းအချက်အလက်ရရှိမှုတို့ကို ထပ်မံဆိုးရွားစေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဥပဒေကြမ်းသည်  Digital Platform Services ပေးနေသူအားလုံးအပေါ် သက်ရောက်မည်ဖြစ်ရာ Digital Platform Services ထဲတွင်  OTT ဝန်ဆောင်မှု (ကြည့်ရှုသူများကို အင်တာနက်မှ တိုက်ရိုက်ထုတ် လွှင့်ပေးသော အွန်လိုင်းလုပ်ငန်း) ပါဝင်နေသည်။ OTT ဝန်ဆောင်မှုသည် ဆိုက်ဘာအရင်းအမြစ်များ အသုံးပြုခြင်း၊ သဘောသဘာဝတူသောစနစ်များ အသုံးပြုခြင်း သို့မဟုတ် ထောက်ကူပစ္စည်းများ အသုံးပြုခြင်းဖြင့် အချက်အလက်များ၊ သတင်းများ၊ ရုပ်ပုံများ၊ အသံများ၊ စာသားများ၊ အွန်လိုင်းဗီဒီယိုများ ပါဝင်သည်။

ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းအရ လူမှုမီဒီယာများ အကျုံးဝင်ရုံသာမက အကြောင်းအရာ မျှဝေသော ပလက်ဖောင်းများလည်း အကျုံးဝင်မည်ဖြစ်သည်။ ထို့အပြင် ဒစ်ဂျစ်တယ်စျေးများ၊ အကြောင်းအရာ ရှာဖွေသည့် ဆိုက်များ၊ data processing services များ၊ မက်ဆေ့ချ်ဝန်ဆောင်မှု၊ ဗီဒီယိုကောလ်ခေါ်ဆိုသည့် ဝန်ဆောင်မှုနှင့် ဂိမ်းဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ဤဥပဒေကြမ်းက သက်ရောက်နေသည်ဟု ဆိုသည်။                                      

ဆက်သွယ်ရေးဥပဒေအရ လိုင်စင်ရယူလုပ်ကိုင်နေသော ကုမ္ပဏီများအနေဖြင့် Digital Platform Services ပြဋ္ဌာန်းချက်တွင်  ပါဝင်ခြင်းမရှိပေ။ VPN အသုံးပြုမှုနှင့် သက်ဆိုင်သော ကန့်သတ်ချက်များနှင့်  စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီများ၏ လိုအပ်ချက်များသည် အထူးသဖြင့် ယင်းကုမ္ပဏီများနှင့် သက်ဆိုင်သည်။                            

 

Most Read

Most Recent