တာမွေမြို့နယ် ၁၅၆ လမ်းထိပ်ရှိ Mytel အရောင်းဆိုင်တွင် ပေါက်ကွဲမှု ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီခွဲကျော်ခန့်တွင် တာမွေမြို့နယ်၊ ဗညားဒလလမ်းနှင့် ၁၅၆ လမ်းထောင့်ရှိ Mytel အရောင်းဆိုင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ နေရာအနီးနေသူများထံမှ သိရသည်။
“မနက်အစောပိုင်းမှာပေါက်တာ။ ပထမအချက်က တော်တော်ကျယ်တယ်။ လူမရှိတဲ့ အချိန်ဆိုတော့ လူထိခိုက်တာ မရှိပါဘူး” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
Mytel အရောင်းဆိုင်ရှေ့တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ရှေ့ရှိ မီးစက်အနည်းငယ် ပျက်ဆီးခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း အနီးနေသူများထံမှ သိရသည်။
အဆိုပါ Mytel အရောင်းဆိုင်မှာ ၂၀၂၁ ခုနှစ်အတွင်းက ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။















