ဒွါဒဿမ(၁၂ ပါးမြောက်) တိပိဋကဓရ စစ်ကိုင်းဆရာတော် သက်တော် ၅၄ နှစ် ၀ါတော် ၃၅ ၀ါတွင် သွေးဖြူဥကင်ဆာဖြင့် ထိုင်းနိုင်ငံ၌ ပျံလွန်တော်မူ

ဒွါဒဿမ(၁၂ ပါးမြောက်) တိပိဋကဓရ စစ်ကိုင်းဆရာတော် သက်တော် ၅၄ နှစ် ၀ါတော် ၃၅ ၀ါတွင် သွေးဖြူဥကင်ဆာဖြင့် ထိုင်းနိုင်ငံ၌ ပျံလွန်တော်မူ
ဓာတ်ပုံ-သဒ္ဓမ္မမာနိတာရုံကျောင်းတိုက်(ဒဂုံမြို့သစ်တောင်ပိုင်း)
ဓာတ်ပုံ-သဒ္ဓမ္မမာနိတာရုံကျောင်းတိုက်(ဒဂုံမြို့သစ်တောင်ပိုင်း)
Published 7 February 2022

ဒွါဒဿမ(၁၂ ပါးမြောက်) တိပိဋကဓရ စစ်ကိုင်းဆရာတော် သက်တော် ၅၄ နှစ် ၀ါတော် ၃၅ ၀ါတွင် ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၅ နာရီ ၅၀ မိနစ်တွင် ပျံလွန်တော်မူကြောင်း သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ က အတည်ပြုမိန့်ကြားသည်။

တိပိဋကဓရ စစ်ကိုင်းဆရာတော်ကြီးသည် ထိုင်းနိုင်ငံတွင် သွေးဖြူဥကင်ဆာရောဂါအား ကုသနေစဉ် ပျံလွန်တော်မူခြင်းဖြစ်ပြီး ဆရာတော်၏ ရုပ်ကလပ်အား ဖေဖော်ဝါရီ ၉ ရက်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တော်အပါအဝင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ၄၇ ဘွဲ့အထိ ရရှိခဲ့ပြီး ယင်းမှာ သာသနာ့သမိုင်းတွင် ဘွဲတံဆိပ်ရရှိမှု အများဆုံးဖြစ်ကြောင်း သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက အတည်ပြုမိန့်ကြားသည်။

“သွေးဖြူဥကင်ဆာပါ။ ဒီနေ့ညနေ ၅ နာရီ မိနစ် ၅၀ မှာပါ။ အန္တိမအဂ္ဂိစျာပန ကတော့ မနက်ဖြန် ၃ နာရီအစည်းအဝေး ဆုံးဖြတ်ချက်ကြမှ သိရမှာပါ။ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကိုတော့ ၉ ရက်နေ့မှ ပြန်သယ်မှာ ထိုင်းနိုင်ငံက။ ဆရာတော် ပျံတော်မူတဲ့အချိန်မှာ သက်တော် ၅၄။ ၀ါတော် ၃၅ ၀ါ ရှိပါပြီ။ ဆရာတော်က တိပိဋကဓရ ဘွဲ့တံဆိပ်အပါအဝင် ၄၇ ဘွဲ့ ရရှိခဲ့ပါတယ်။ အဲတာက သာသနာ့သမိုင်းမှာ ဘွဲ့တံဆိပ် အများဆုံးရတယ်ဆိုတာ ဟုတ်ပါတယ်” ဟု သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ က မိန့်ကြားသည်။

ဒွါဒဿမ(၁၂ ပါးမြောက်) တိပိဋကဓရ စစ်ကိုင်းဆရာတော် ပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက်က ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေငြာချက်တွင် ရန်ကုန်မြို့ သဒ္ဓမ္မမာနိတာရုံကျောင်းတိုက်၏ ပဓါနနာယက၊ မုံရွာမြို့  သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက်၏ နာယက၊ ဒွါဒဿမ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တအဘိဇာတာဘိဝံသ( စစ်ကိုင်းတိပိဋကဆရာတော်) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၅ နာရီ ၅၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူပြီဖြစ်ကြောင်း၊ အန္တိမအဂ္ဂိစျာပနပူဇာ ကြိုတင်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၃ နာရီတွင် မုံရွာမြို့ သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အန္တိမအဂ္ဂိစျာပနပူဇာနေ့ရက်ကို အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ထက်မံကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent